အကြမ်းဖက်စစ်တပ် လက်အောက်ခံ တိုင်းစစ်ဌာနချုပ်များအားလုံးက ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင် ဘုံကထိန်များ လှည့် လည်ရာတွင် ဒရုန်းဖြင့် ဗုံးကျဲမည်ကို စိုးရိမ်သဖြင့် Jammer များ ကားပေါ်တင်၍ လှည့်လည်ကြကြောင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တို့၏ ထုတ်ပြန်ချက်နှင့် ဘုံကထိန်လှည့်လည်မှုကို သွားကြည့်ခဲ့သူများ၏ ပြောဆိုချက်အရ သိရှိရသည်။
ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၏ အကြိမ် ၃၀ မြောက် စုပေါင်း ဘုံကထိန်လှည့်လည်ပွဲကို မြိတ်မြို့ပေါ်တွင် ပြုလုပ်ခဲ့ရာတွင် ဒရုန်းဖြတ်စက် Jammer များကို ကားပေါ်တင်၍ ဘုံထိန်ကားတန်းများနှင့်အတူ လှည့်လည်ခဲ့ကြကြောင်း မြိတ်မြို့မှ ဒေသပြည်သူတချို့က ပြောဆိုသည်။
ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်က ဘုံကထိန်လှည့်လည်မှုသတင်းထုတ်ပြန်ရာတွင် ဒရုန်းဖြတ်တောက်စက် Jammer များကို စစ်ကားပေါ်တင်၍ လှည့်လည်နေသည်ကို မြင်တွေ့ရသည်။
အလားတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကလည်း ယနေ့ မုံရွာမြို့ပေါ်တွင် ၃၅ ကြိမ်မြောက်မဟာဘုံကထိန်လှည့်လည်ပွဲ ပြုလုပ်ခဲ့ပြီး Jammer များကို ကားပေါ်တင်ကာ အဝတ်စများအုပ်၍ လှည့်လည်ခဲ့သည်ကို မြင်တွေ့ရကြောင်း မုံရွာမြို့ပေါ်မှ တော်လှန်ရေးကင်းထောက် လူငယ်တစ်ဦးက ပြောဆိုသည်။
“အင်တာနာတိုင်ကြီးတွေကိုတော့ အုပ်မထားဘူး။ ဘေးပတ်ပတ်လည်ကို အုပ်ထားတာ။ Jammer တွေကို ကားပေါ်တင်ပြီး ဘုံကထိန်လှည့်တာ။ Jammer က နောက်ဆုံးနားကနေ ကပ်လိုက်တာ။ စစ်ကားနဲ့ အရပ်သားကားရောပြီး လှည့်တယ်။ Jammer တွေက DC ကားပေါ်မှာတင်ထားတာ” ဟု မုံရွာမြို့ပေါ်မှ ကင်းထောက် လူငယ်က ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက စစ်ဘက်သတင်းရင်းမြစ်ကို ဆက်သွယ်မေးမြန်းရာ နေပြည်တော်စစ်ရုံးက ယနေ့ တိုင်းစစ်ဌာနချုပ်များအားလုံးတွင် ဘုံကထိန် လှည့်လည်ခိုင်းထားပြီး လုံခြုံရေးအထူးသတိပြု ဆောင်ရွက်ရန်ဟု ညွှန်ကြားကြောင်း၊ သို့ရာတွင် Jammer များ စစ်ကားပေါ်တင်၍ လှည့်လည်ရမည်ဟု ညွှန်ကြားချက်တွင် မပါဝင်သော်လည်း တိုင်းစစ်ဌာနချုပ် အများစုက ဒရုန်းဖြင့် ဗုံးကျဲခံရမည်စိုးရိမ်၍ Jammer များ စစ်ကားပေါ်တင် လှည့်လည်ကြခြင်းဖြစ်သည်ဟု ပြောဆိုသည်။






