ရန်ကုန်၊ နိုဝင်ဘာ ၅
မကွေးတိုင်း၊ ပေါက်မြို့နယ် သရဖီကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူ ၇ ဦးကို ဖမ်းဆီးကာ နေအိမ်များ မီးရှို့ ဖျက်ဆီးနေကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
နိုဝင်ဘာလ ၄ ရက်နေ့ ဆိပ်ဖြူ ကပစ ၂၂ မှ ထွက်လာသော စစ်ကြောင်းက ပေါက်မြို့နယ် သရဖီကျေးရွာကို အကြမ်းဖက် စစ် တပ်က စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း၊ ယင်းနောက် ပြည်သူ ၇ ဦးကို ဖမ်းဆီးသွားကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က ထိုသို့ စစ်ကြောင်းထိုးလာမှုကြောင့် သရဖီကျေးရွာ အပါအဝင် ကျေးရွာ ၁၀ ခုမှ ပြည်သူ ၁၀၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်ရှောင်နေရကြောင်း၊ လက်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက သီးချောက်ရွာ ဆင်ဇာရွာတ၀ိုက်တွင် ရှိနေကြောင်းသိရှိရသည်။
“စစ်ခွေးတွေက စစ်ကြောင်းထိုးဝင်ရောက်လာပြီး သရဖီကျေးရွာက ပြည်သူ ၇ဦးကို ဖမ်းသွားတယ် နောက်ထပ် အသေးစိတ်မသိရသေးဘူး။ စစ်ခွေး စစ်ကြောင်း ဆိပ်ဖြူကပစ ၂၂ကနေထွက်လာတဲ့စစ်ကြောင်းပါ။ စစ်ခွေး စစ်ကြောင်းက ကျေးရွာနေအိမ်တွေ မီးရှို့တာတွေ လုပ်ထားတယ်။ နေအိမ် ၅ လုံးထက်မနည်းကို မီးရှို့သွားတယ်။ တစ်ရွာတည်း မဟုတ်ဘူး။ စစ်ခွေး စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ကျေးရွာ ၁၀ရွာ ကျော်က ပြည်သူ ၁၀၀၀၀ ကျော်လောက် ရှိမယ်။ လက်ရှိ အချိန်အထိ ထွက်ပြေး တိမ်းရှောင်နေရတုန်းပါ “ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ပြောဆိုသည်။
ပေါက်မြို့နယ်အတွင်းတွင် စစ်တပ်က စစ်ကြောင်းများ ခွဲကာ ပြည်သူများနေထိုင်သော ကျေးရွာများသို့ နယ်မြေစိုးမိုးရေး အတွက် ပစ်ခတ်သတ်ဖြတ်မှုများ၊ မီးရှို့မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ ကပစ ၂၂ မှ ထွက်လာသော တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၁၀၉ ၊ ၄၁၉ ၊ ၁၄ တို့ ပူးပေါင်းထားသော အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းသည် ရိုးကြီးရွာအနောက်ဘက်တွင် ရှားပင်ရေရွာ မိုးကောင်းချောင်းမှ အသက် ၃၀ ကျော်အရွယ် ကိုရွှေမင်းနှင့် ရိုကြီးတောမှ အသက် ၄၀ အရွယ် ကိုကျော်နိုင်ထွန်းတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
နိုဝင်ဘာလ ၁ ရက်နေ့တွင် စစ်တပ်စစ်ကြောင်းတစ်ခုက ချက်ကန်ရွာမှတဆင့် ပင်တောင် ပျူစောထီးရွာနှင့် ဒီးဒုတ်ကွင်းရွာ ပျူစောထီးရွာကို စစ်ကြောင်း ၂ ကြောင်းခွဲ၍ ထွက်ခွာခဲ့ကြောင်း၊ ထို့နောက် နိုဝင်ဘာလ ၃ ရက်နေ့တွင် ယင်းစစ်ကြောင်းက ပျူစောထီးများနှင့် ပူးပေါင်းကာ အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲကာ ကျေးရွာများကို ထပ်မံ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာမှ အိမ်ထောင်စု ၃၀၀၀ ကျော် ပြည်သူ ၁၂၀၀၀ ကျော်သည် ဘေးလွတ်ရာ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





