ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် လေဖြတ်ထားသူ ဦးညီညီကို စစ်ပြောက် ကျား အင်္ကျီဝတ်သည်ဟုဆိုကာ ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂ ရက်နေ့တွင် နတ်တလင်းမြို့နယ်၊ ငုတ်တိုရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း နေထိုင်သော အသက် ၄၆ နှစ်အရွယ် ဦးညီညီကို ပြောက် ကျား အင်္ကျီဝတ်သည်ဟုဆိုကာ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်က ပစ်သတ်ခဲ့သော ဦးညီညီသည် လေဖြတ်ထားသူဖြစ်ပြီး စိတ်ရောဂါလည်း ခံစားနေရကာ ဇနီး နှင့် ကလေး ၁ ဦးရှိကြောင်း၊ လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းက ငုတ်တိုရွာဘုန်းကြီးကျောင်းထဲ၌ တပ်စွဲထားပြီး ဖမ်းဆီးသတ်ဖြတ်ခံရသူများလည်း ရှိသေးကြောင်း သိရှိရသည်။
“ဒီဇင်ဘာလ ၂ ရက်နေ့က ငုတ်တိုရွာကို စစ်ခွေးတွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ဦးညီညီကို ပစ်သတ်ခဲ့ပါတာ ဦးညီညီက လေဖြတ်ထားသူ ၁ ယောက်ပါ။ နောက်ပြီး စိတ်လည်းမူမမှန်ဘူး။ စစ်ခွေးတွေက သူ့ကို ပြောက်ကျား အင်္ကျီဝတ်ထားလို့ ပစ်သတ်တာလို့ သိရတယ်။ ငုတ်တိုရွာ ဘုန်းကြီးကျောင်းထဲမှာ စစ်ခွေးတွေက တပ်စွဲထားတုန်းပဲ အသတ်ခံရသူတွေရှိသေးတယ်လို့လည်း သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပဲခူးရိုးမအတွင်း ကျင်းပပြုလုပ်နေသော သာယာဝတီခရိုင် PDF ဒရုန်း သင်တန်းဆင်းပွဲနှင့် နတ်တလင်မြို့နယ်ရှိ ရေနောက်ရွာကို အကြမ်း ဖက် စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ဗုံး ၁၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း သင်တန်းဆင်းပွဲ ပြီးဆုံးချိန်ဖြစ်သောကြောင့် PDF ရဲဘော်များ အထိအခိုက်မရှိကြောင်း၊ ထို့ပြင် ကျေးရွာနေ ပြည်သူများသည်လည်း အချိန်မီ တိမ်းရှောင်နိုင်ခဲ့သောကြောင့် ထိခိုက်သူမရှိကြောင်း သိရှိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ စက်တပ် ၃ စီးသည် နတ်တလင်းမြို့နယ် အရှေ့ဘက် တောင်ညိုဆည် ရှင်းလင်းဆောင် ၊ ကျီးပင်ရွာနှင့် အောင်သုခရွာတို့ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်းနှင့် နေအိမ်များပျက်စီးခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




