ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီး စစ်တပ်နှင့် KNLA တပ်များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကာ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ထိုင်းနိုင်ငံသား ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန် မင်းလက်ပံကျေးရွာအနီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီးနောက် မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်က ထိုင်းနိုင်ငံဘက်အခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာ ထိုင်းနိုင်ငံသား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒဏ်ရာရရှိသော ထိုင်းနိုင်ငံသားမှာ သက်ကြီးပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး နေအိမ်တွင် ရှိနေစဉ် မြန်မာဘက်မှ လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒဏ်ရာရသွားတဲ့ ထိုင်းနိုင်ငံသား သက်ကြီးပိုင်းအမျိုးသားက ဒဏ်ရာ ပြင်းထန်တယ်လို့ သိရတယ်။ ထိုင်းစစ်တပ်ရော ထိုင်းအာဏာပိုင်တွေရော အကုန်ရောက်လာပြီးတော့ လက်နက်ကြီးကျတဲ့နေရာကို မှတ်တမ်းတင်သွားတယ်” ဟု ထိုင်း-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဒီဇင်ဘာ ၁ ရက်နေ့ ည ၉ နာရီ ၃၅ မိနစ်အချိန် မြန်မာနိုင်ငံဘက်မှ ပစ်ခတ်သော ကျည်ဆန်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဘက်အခြမ်းရှိ ကျေးရွာအတွင်းသို့ ကျရောက်ပြီး အသက် ၆၇ နှစ်အရွယ် ထိုင်းနိုင်ငံသူ အမျိုးသမီးကြီး၏ ဘယ်ဘက်ခြေထောက်ကို ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနောက် ထိုင်းအာဏာပိုင်များက ကျည်ထိမှန် ဒဏ်ရာရရှိသော ထိုင်းအမျိုးသမီးကြီးကို သွားရောက် ကြည့် ရှုပြီး မဲဆောက် ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရှိရသည်။
ထိုင်းစစ်တပ်က လက်နက်ကျည်ဆန်များ ထိုင်းဘက်အခြမ်းသို့ ကျရောက်နေမှုနှင့်ပတ်သက်၍ မြန်မာဘက်အခြမ်းသို့ တရားဝင်ကန့်ကွက်စာပေးပို့လိုက်ပြီး ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် လုံခြုံရေး ပိုမို တင်းကျပ်ထားသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ ကလည်း မြ၀တီမြို့နယ်၊ မင်းလက်ပံအနီးသို့ စစ်တပ်က အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာကြောင်း၊ မြေပြင်စစ်တပ်စစ်ကြောင်းကို KK Park အတွင်းမှ စစ်တပ်ကလည်း ကောင်း၊ မြ၀တီမြို့စောင့်တပ် ၂၇၅ ကလည်းကောင်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ မြန်မာစစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများမှာ ထိုင်းနိုင်ငံထဲသို့ ကျရောက်ခဲ့ပြီး မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နိုဝင်ဘာလ ၃၀ ရက်နေ့ ညပိုင်းတွင်လည်း မြန်မာစစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များက ထိုင်းထဲသို့ ထပ်မံကျရောက်သဖြင့် ထိုင်းစစ်တပ်က သတိပေး မီးကျည်များ မြန်မာဘက်သို့ ဖောက်ခွဲ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ ထိုင်းဘက်သို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးများကျရောက်ပြီးနောက် သောင်ရင်းမြစ်ကို ဖြတ်ကူးသော နယ်စပ်ဂိတ်များအားလုံးကို ထိုင်းအာဏာပိုင်များက ၇ ရက်တိတိ ပိတ်ပင်လိုက်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထိုင်းစစ်တပ်က တရားဝင် ကြေ ညာချက် ထုတ်ပြန်ခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






