ရန်ကုန်၊ ဒီဇင်ဘာ ၉
အမျိုးသားညီညွတ်ရေးအစိုးရ -NUG ပြုပြင်ပြောင်းလဲရေးကို အဆင့် ၃ ဆင့်နဲ့ ဆောင်ရွက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်း ရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ပါဝင်တဲ့ အားကောင်းတဲ့ အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်းရေး ဆက်လက် လုပ်ဆောင်နေတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ကြေညာလိုက်ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလ က ဒီဇင်ဘာ ၈ ရက် ညပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြားရာမှာ အခုလိုထည့်သွင်းပြောကြားလိုက်တာဖြစ်ပြီး NUG အနေနဲ့ ဒုတိယ အဆင့် နဲ့ တတိယ အဆင့် ပြုပြင်ပြောင်းလဲရေးတွေ ကျန်ရှိသေးတယ်လို့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ က အသိပေး ပြောဆိုပါတယ်။
“ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီက ပြည်သူတစ်ရပ်လုံးကို ထုတ်ပြန်ပေးခဲ့တဲ့ အစိုးရ အဖွဲ့ ပြုပြင်ပြောင်းလဲရေး ဖွဲ့စည်းပုံဟာ ကျွန်တော်တို့ရဲ့ ပထမအဆင့် ပြုပြင်ပြောင်းလဲမှု ဖြစ်ပါတယ်။ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေးကတော့ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်တဲ့ ကိုယ်စားပြုမှု အားကောင်းတဲ့ အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ တတိယအဆင့် ပြုပြင်ပြောင်းလဲရေးကတော့ မင်းအောင်လှိုင်နဲ့ အကြမ်းဖက် စစ်အုပ်စုကို ဖြုတ်ချပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ်ကို ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားပါတယ်။
ဒါပေမယ့်လည်း လတ်တလောမှာတော့ မဟာမိတ် စစ်ရေးတပ်ပေါင်းစုနဲ့ မဟာမိတ် နိုင်ငံရေး တပ်ပေါင်းစု ဖြစ်ပေါ်လာဖို့ အကန့်အသတ်တွေ ရှိနေတယ်လို့ ယာယီသမ္မတက သတိပေးပါတယ်။
“မဟာမိတ် စစ်ရေးတပ်ပေါင်းစုနဲ့ မဟာမိတ် နိုင်ငံရေးတပ်ပေါင်းစုမှသည် တမျိုးသားလုံးညီညွတ်ရေးကို ကျယ်ပြန့်စွာ ကိုယ်စားပြုနိုင်တဲ့ အစိုးရဖြစ်လာအောင် အထူးသဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ ကျယ်ပြန့်စွာ ပါဝင်လာနိုင်အောင် ကျနော်တို့ အားလုံးကြိုးစားခဲ့ကြရပါတယ်။ ဒါပေမဲ့ အဓိက တိုင်းရင်းသား လက်နက်ကိုင် အင်အားစုကြီးတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့တွေထဲမှာ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်လာဖို့ လက်ရှိအချိန်မှာ အကန့်အသတ်တွေရှိနေတယ်ဆိုတာ သိရှိရပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။
NUG အစိုးရ ပြုပြင်ပြောင်းလဲရေး အဆင့် သုံးဆင့် နဲ့ပတ်သက်တဲ့ အချိန်ကာလကိုတော့ ယာယီ သမ္မတ က အတိအကျ မပြောဆိုထားသေးပါဘူး။
ဒါအပြင် ပြည်သူ့သဘောထားနဲ့အညီ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးကို အဆင့်လိုက် ပြုလုပ်ဆောင်ရွက်ခဲ့ရာမှာ “အစိုးရပြုပြင်ပြောင်းလဲရေးကော်မရှင် NUG Reform Commission” ကို ဇူလိုင်လမှာ စတင်ဖွဲ့စည်းခဲ့ပြီး အဲဒီကော်မရှင်မှာ ယာယီသမ္မတ ၊ ပြည်ထောင်စုဝန်ကြီးချုပ် နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဌ တို့ ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။
NUG ကမနေ့ မနက်ပိုင်းမှာ ဝန်ကြီး တချို့ကို အနည်းငယ် အပြောင်းအလဲ ပြုလုပ်ကာအစိုးရ ပြင်ဆင်ဖွဲ့ စည်းကြောင်း ကြေညာခဲ့ပါတယ်။
အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုမှာ NUG အစိုးရအဖွဲ့ဝင်တွေထဲက ဝန်ကြီးနဲ့ ဒုဝန်ကြီးတချို့တွေကို တာဝန်ယူထားတဲ့ အစိုးရဝန်ကြီးဌာန အပြောင်းအလဲ လုပ် ခန့်အပ်လိုက်ပါတယ်။
လက်ရှိ NUG အစိုးရမှာ ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတအဖြစ် ၊ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက်တည်ရှိနေပြီး ယာယီသမ္မတအဖြစ် ဒူဝါလရှီးလကတော့ ဆက်လက် တာဝန်ယူထားပါတယ်။




