ရန်ကုန်၊ ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ကျေးရွာ ၃ ခုရှိ တိုက်နယ်ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေဦးမြို့နယ်အနောက်ခြမ်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် ရေဦးမြို့နယ် အတွင်းရှိ လေးရွာ စာသင်ကျောင်း၊ အုန်းတပေါင်းရွာ စာသင်ကျောင်း၊ ကွမ်းအုံရွာ တိုက်နယ်ဆေးရုံနှင့် ဘုန်းကြီးကျောင်းတို့ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စက်လက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင်နှင့် ဘုန်းကြီးကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ရေဦးမြို့ပေါ်မှ အကြမ်းဖက် စစ်တပ်ကလည်း ကျေးရွာများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူများသည်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ဂျက်ဖိုက်တာ ၃ စီးနဲ့ လေးရွာ စာသင်ကျောင်း၊ အုန်းတပေါင်းရွာ စာသင်ကျောင်း၊ ကွမ်းအုံရွာ တိုက်နယ်ဆေးရုံနဲ့ ဘုန်းကြီးကျောင်းကို လေကြောင်း တိုက်ခိုက်မှု စုစုပေါင်း ၅ ကြိမ်ပြုလုပ်သွားတယ်။ နောက်ပြီး ရော့ကတ်တွေကော စက်လက်တွေနဲ့ ကောပစ်ခတ် တိုက်ခိုက်သွားတယ်။ ကွမ်းအုံရွာ တိုက်နယ် ဆေးရုံနဲ့ ဘုန်းကြီးကျောင်းကိုတော့ ခန့်မှန်း ပေါင်၂၅၀ နဲ့ ၃၀၀ ဗုံးတွေနဲ့ ကျဲသွားတာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ပြည်သူတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်။ နောက်ပြီး ရေဦးမြို့ပေါ်မှာ တရားမဝင်ရွေးကောက်ပွဲလုပ်နေတဲ့အချိန် လက်နက်ကြီးနဲ့ရော ရမ်းကားပစ်ခတ်ခဲ့တယ်” ဟု ရေဦးမြို့နယ်အနောက်ခြမ်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ပေါက်-မြိုင် မြို့နယ် အစပ် သရက်ကန်ကျေးရွာ စာသင်ကျောင်းအနီးတ၀ိုက်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့ မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ပေါက်၊ မြိုင်မြို့နယ်အစပ် သရက်ကန်ကျေးရွာ စာသင်ကျောင်းအနီးတစ်၀ိုက်ကို အကြမ်းဖက် စစ်တပ် တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်များ ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး နေအိမ်ပျက်စီးတာမျိုး မရှိဘူး။ သရက်ကန်ရွာ စာသင်ကျောင်းအနီးတစ်၀ိုက်ကို ကျဲသွားတာပါ။ ဗုံးတီး၁လုံးနဲ့ သေနတ်တွေလည်း ပစ်ခတ်သွားတယ်”ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့ မှ ကိုလရောင်က ပြောဆိုသည်။
ဓာတ်ပုံ – အုန်းတပေါင်းရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပျက်စီးသွားသော ကျောင်းဆောင်နှင့် ကားတစ်စီး (မူရင်းဓာတ်ပုံ-credit)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








