31 C
Yangon

မုံရွာတွင် ဗိုလ်ချုပ်လမ်းကို ချဲ့ထွင်မည်ဟုဆိုကာ စစ်တပ်က လမ်းမဘေးရှိ နေအိမ်များကို တစ်အိမ်လျှင် ငွေကျပ် ၁၆ သိန်း ကောက်ခံနေပြီး ငွေမပေးသူများကို ဖမ်းဆီးမည်ဟု ခြိမ်း ခြောက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ဗိုလ်ချုပ်လမ်းမကြီးကို လမ်းချဲ့မည်ဟုဆိုကာ အကြမ်းဖက် စစ်တပ်က လမ်းမကြီးဘေးရှိ နေအိမ်များမှ တစ်အိမ်လျှင် ငွေကျပ် ၁၆ သိန်း ကောက်ခံပြီး ငွေကြေးမပေးသူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့မှ စတင်ပြီး မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နှင့် ကွေ့ကြီးရပ် ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးကိုလမ်းချဲ့၍ ရေဆိုးမြောင်းများ လုပ်ဆောင်မည်ဟုဆိုကာ အကြမ်းဖက် စစ်တပ်၊ စည်ပင် နှင့် ကန်ထရိုက်များက လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ရေဆိုးမြောင်း လုပ်ဆောင်ခြင်းကို အောင်ချမ်းသာရပ်ကွက်နှင့် ကွေ့ကြီးရပ်ကွက် တောင်ဘက်ခြမ်းရှိ ကန်သာယာ ရေကန်ဘက်ခြမ်းတွင် စတင်လုပ်ဆောင်နေပြီး စည်ပင်က သတ်မှတ်ထားသော မြောင်းပြုလုပ်မည့် ဧရိယာအတွင်းရှိ စိုက်ပျိုးထားသော သစ်ပင်များကို အင်အားသုံးရှင်းလင်းခြင်းကြောင့် လူနေအိမ်များကို ထိခိုက်ခြင်း၊ ဓာတ် ကြိုးများ ပြတ်တောက်ခြင်း၊ Wifi ကြိုးများ ပြတ်တောက်ခြင်းရှိသော်လည်း စည်ပင်ဝန်းထမ်းများက တာဝန်ယူခြင်းမရှိကြောင်း သိရှိရသည်။

ထိုသို့ လုပ်ဆောင်ပြီးနောက် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ရေမြောင်းဖောက်ရန် ဆောက် လုပ်ရေး ကန်ထရိုက်များ ရောက်ရှိလာပြီး မြောင်းလုပ်ခနှင့် လမ်းချဲ့ခ အဖြစ် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးရှိ နေအိမ်များမှ တစ်အိမ်လျှင် ကုန်ကျစရိတ် ငွေကျပ် ၁၆ သိန်းဆီ တောင်းခံကြောင်း၊ ၎င်းတို့ တောင်းခံသည့် ကုန်ကျစရိတ်များ ပေးဆောင်ခြင်းမရှိပါက အကြမ်းဖက် စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်ကြောင်း သိရသည်။

အဆိုပါ လမ်းချဲ့ခြင်းနှင့် ရေဆိုးမြောင်း ပြုလုပ်ခြင်းကို မုံရွာမြို့ရှိ ခရိုနီ မျိုးဝင်းလေး ဆိုသူက ကန်ထရိုက်ရယူထားခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ် အားကိုးဖြင့် ပြည်သူများထံမှ ခြိမ်းခြောက် ငွေကြေးတောင်းခံနေခြင်းဖြစ်ကြောင်း၊ ထိုသို့ လမ်းချဲ့ခြင်းကြောင့် မုံရွာတမြို့လုံးကို ရေဖြန့်ချီပေးသည့် ရေပိုက်လိုင်းများပါ ထိခိုက်ပျက်စီးခဲ့ပြီး ၎င်းတို့ဖောက်ထားသည့် မြောင်းများတွင်လည်း ရေများ ပြည့်လျှံနေကြောင်း သိရှိရသည်။

“မြောင်းလုပ်ဖို့အတွက် ကုန်ကျငွေနဲ့ လမ်းချဲ့ဖို့အတွက် ကုန်ကျငွေကို တစ်အိမ်ချင်းဆီက ကိုယ့်အိမ်ရှေ့အတွက်ကို ကိုယ်တာဝန်ယူရမယ်ဆိုပြီး ပြောလာပါတယ်။ တစ်အိမ်ကို မြောင်းလုပ်ခဆိုပြီး ကုန်ကျစရိတ် ငွေကျပ် ၁၆ သိန်း ပေးရမယ်လို့ပြောပါတယ်။ မပေးရင်တော့ ကန်ထရိုက်က စစ်တပ်နဲ့ ဆွဲခေါ်သွားပြီးဖမ်းမယ်လို့ ခြိမ်းခြောက်ပါတယ်။ သူတို့အခုလို လမ်းချဲ့တာကြောင့် အမေစု လက်ထက်တုန်းက တမြို့လုံးကို ရေဖြန့်ချီပေးတဲ့ ရေပိုက်လိုင်းကြီးတွေပါ ပျက်စီးကုန်တယ်။ သူတို့ဖောက်ထားတဲ့ မြောင်းတခုလုံးလည်း ရေတွေပြည့်လျှံနေပါပြီ ဘာနည်းဗျူဟာ အစီအစဉ်မှ မရှိဘဲ ချက်ခြင်း မြောင်းဖောက်ဖို့အတွက် မျဉ်းဆွဲပြီး ထလုပ်တာပါ။ ဒါဟာ လမ်းချဲ့တာနဲ့ ရေမြောင်းဖောက်တာကို အကြောင်းပြပြီး ပြည်သူကို ဓားပြတိုက်နေတယ်လို့ပဲ မြင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ဇန်နဝါရီလ ၁၀ ရက်နေ့ မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မျိုးတင့်ဇော်က ပြည်သူများကို ဆင့်ခေါ်၍ ဗိုလ်ချုပ်လမ်းမ တိုးချဲ့ရေး ခေါ်ယူ ပြောဆိုနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဇန်နဝါရီလ ၁၀ ရက်နေ့ မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မျိုးတင့်ဇော်က ပြည်သူများကို ဆင့်ခေါ်၍ ဗိုလ်ချုပ်လမ်းမ တိုးချဲ့ရေး ခေါ်ယူ ပြောဆိုနေစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article