ရန်ကုန်၊ ဇန်နဝါရီ ၁၅
ချင်းပြည်နယ်ဖွံ့ဖြုရေး တင်ဒါလုပ်ငန်းများကို လုံးဝဆောင်ရွက်ခြင်းမရှိဘဲ စာရွက်စာတမ်းအတု၊ ဓာတ် ပုံ အတုများဖြင့် တင်ပြကာ ထုတ်ယူသုံးစွဲနေကြသည့် စစ်အုပ်စုလက် အောက်ခံ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၊ ဒုတိုင်းမှူး၊ ဗျူဟာမှူးတို့ အပါအဝင် ဝန်ထမ်းအားလုံးကို အထူးပစ်မှတ်ထားကာ အရေးယူသွားမည် ဖြစ်ကြောင်း CDF – Hakha Central Council က ကြေညာသည်။
CDF-Hakha Central Council မှာ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ကို အခြေပြုလျက် ဖွဲ့စည်း ထားသည့် နွေဦးတော်လှန်ရေးအဖွဲ့အစည်းဖြစ်သည့်အားလျှော်စွာ စစ်ရေးအပြင် နိုင်ငံရေးနှင့် အုပ် ချုပ်ရေးဆိုင်ရာ စစ်အုပ်စု၏ ပြည်နယ်ယန္တရားတခုလုံးကို ဟန့်တားနိုင်ရန် တစိုက်မတ်မတ် ဆောင် ရွက်လာခဲ့ကြောင်း၊ ၂၀၂၁ခုနှစ်မှစ၍ တော်လှန်ရေးပြစ်မှုကြီး ၄ မျိုး ဥပဒေအား ပြဌာန်းကာ အကြမ်း ဖက် စစ်အုပ်စု၏ စစ်ကျွန်ပြု အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေးနှင့် လူမှုရေးလုပ်ငန်းများကို တားဆီးအရေးယူ ဆောင်ရွက်လာခဲ့ကြောင်း သိရှိရသည်။
သို့သော်လည်း တော်လှန်ရေးကာလ အခြေအနေအရပ်ရပ်အရ ကျူးလွန်သူများကို ရာနှုန်းပြည့် အ ရေးယူနိုင်ခြင်းမရှိသေးသည်မှာ အမှန်ဖြစ်ပြီး အထူးသဖြင့် စစ်အုပ်စု၏ အစေခံ ဒုတိုင်းမှူး နှင့် ဗျူဟာမှူးမှအစ၊ ဝန်ကြီးချုပ်နှင့် ဝန်ထမ်းများအားလုံးတို့၏ အကျင့်ပျက် ခြစားမှုနှင့် ကိုယ်ကျိုးအ တွက် နာမည်မျိုးစုံဖြင့် ကုမ္ပဏီများထောင်ကာ အခွင့်အရေး အမျိုးမျိုး ရယူနေခြင်းတို့အား တိုက်ဖျက် ရန် အခက်ခဲဆုံးစိန်ခေါ်မှု ဖြစ်နေကြောင်း CDF-Hakha Central Councilက ထောက်ပြသည်။
ချင်းပြည် ဖွံ့ဖြိုးရေး တင်ဒါ လုပ်ငန်းများတွင် စစ်အရာရှိများအပြင် ၎င်းတို့၏ PSO များနှင့် အချို့သောစစ်အုပ်စု အပေါင်း အဖော် ပုဂ္ဂလိက ကုမ္ပဏီများ ၊ ဝန်ကြီးချုပ်မှ ဝန်ထမ်းများအထိ အမှန်အကယ် လုပ်ငန်း ဆောင်ရွက် မှု လုံးဝမရှိဘဲ စာရွက်စာတမ်းနှင့် ဓါတ်ပုံအတုအယောင်များ တင်ပြကာ ငွေလုံး ငွေရင်းများကို ဘဏ်ဝန်ထမ်းများနှင့်အတူ ကြံဖန်ထုတ်ယူနေကြောင်း သိရှိရသည်။
ထို့သို့ ရာဇတ်ဝတ်သားများက ခိုးယူထုတ်ယူခဲ့သော ပြည်သူ့ဘဏ္ဍာငွေများသည် လွန်ခဲ့ သော ၅ နှစ် အတွင်း သန်းပေါင်း ၈၃,၆၈၈ ကျော်ရှိနေပြီဖြစ်ကြောင်း၊ ထိုကဲ့သို့ စစ်အုပ်စုအရိပ်ယူကာ ပြည်သူလူထုအကျိုးကို ခြစားဖျက်ဆီးနေသော အသင်းအဖွဲ့နှင့် ပုဂ္ဂိုလ် မှန်သမျှသည် ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ အထူးပစ်မှတ်ထားကာ တိုက်ခိုက် အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF-Hakha Central Council က ဆက်လက် ကြေညာသည်။
အရေးယူဆောင်ရွက်မည့်သူများတွင် ဒုတိုင်းမှူး ကုမ္ပဏီဖြစ်သည့် Golden Rone Taung ၊ ဗျူဟာ မှူး ဝေလင်းစိုး အမည်ဖြင့် တည်ထောင်ထားသည့် May Rone ကုမ္ပဏီ ၊ ဗိုလ်မှူး အာကာကျော်မိုး၏ Hakha Chin နှင့် Lay ၊ Shwe Kee Star ကုမ္ပဏီတို့ပါဝင်ပြီး ပြည်နယ်ဝန်ကြီးချုပ်လက်အောက်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ကျေးလက်ဝန်ထမ်းများ၊ နယ်စပ် ရေးရာဝန်ကြီးဌာနနှင့် ဝန်ထမ်း များ၊ စည်ပင်ပြည် နယ်မှူးနှင့် ဝန်ထမ်းများ အပါအဝင် ကုမ္ပဏီ၊ အသင်းအဖွဲ့၊ လူပုဂ္ဂိုလ် ၄၈၄ ဦးဖြစ် ကြောင်း သိရသည်။
၎င်းတို့ကို အမည်ပျက်စာရင်းသွင်းကာ တရားဝင်ပစ်မှတ် များအဖြစ် သတ်မှတ်ကြေညာထားပြီး ဤ ကြေညာချက် ထုတ်ပြန်သည့်နေ့မှ ၁၅ ရက်အတွင်း လာရောက် ဖြေရှင်းခြင်းမရှိပါက ဟားခါးမြို့နယ် အတွင်းရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုအားလုံး ပြည်သူပိုင်သိမ်းယူပြီးသားအဖြစ် အလိုလိုမှတ်ယူရမည် ဖြစ် သည့် အပြင် ဟားခါးမြို့နယ်အတွင်း စီးပွားရှာနေထိုင်သွားလာခွင့် ပိတ်ပင်ပြီးသား အဖြစ် မှတ် ယူရ မည်ဖြစ်ကြောင်း CDF-Hakha Central Council က သတိပေးသည်။
စာရင်းတွင် ဖော်ပြထားခြင်းမရှိသေးသည့် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့်ပုဂ္ဂိုလ်များသည် လည်း အမှန်တကယ်လုပ်ငန်းဆောင်ရွက်ခြင်းရှိမရှိနှင့် အကျင့်ပျက်ခြစားမှုရှိမရှိကို စုံစမ်းစစ်ဆေး နေဆဲ ဖြစ်ပြီး တွေ့ရှိပါက ဆက်လက်၍ ပြည်သူလူထုထံချပြကာ ထိထိ ရောက်ရောက် အရေးယူ သွားမည်ဖြစ်ကြောင်း CDF-Hakha Central Council က ထုတ်ပြန်ကြေညာထားသည်။
ချင်းပြည်နယ်အတွင်းရှိ ပြည်နယ်အစိုးရ တင်ဒါလုပ်ငန်းအများစုကို ရယူလိုပါက ချင်းပြည်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ လမ်း ပန်း ဆက်သွယ်ရေးဝန်ကြီး စစ်အရာရှိဟောင်း နေလင်းအောင်၊ စစ်တပ်ဗျူဟာမှူး စိုးဝင်းထွန်းတို့ က ငွေကျပ် သိန်းထောင်ချီလာဘ်ငွေ တောင်းခံကြောင်း ချင်းပြည်နယ်စစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ချင်းပြည်နယ်အတွင်း လုပ်ဆောင်ရန်ရှိနေသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ပြည်နယ်အစိုးရ တင်ဒါများကို ခေါ်ယူခဲ့ရာတွင် ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စစ်အရာရှိဟောင်း နေလင်းအောင်၊ စစ်ဗျူဟာအခြေချ (ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်း၊ ဟားခါးအခြေစိုက် ခမရ ၂၆၆ တပ်ရင်းမှ ဗိုလ်မှူးအာကာကျော်မိုး တို့က ၎င်းတို့နှင့်နီးစပ်သော စီးပွားရေးကုမ္ပဏီများထံမှ ငွေကျပ် သိန်းထောင်ချီ လာဘ်ငွေရယူ၍ တင်ဒါများ ရရှိရေး ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ချင်းပြည်နယ် ဥပဒေချုပ်တို့ကလည်း ၎င်းတို့ ဆွေမျိုး ကုမ္ပဏီများကို တင်ဒါချပေးခြင်း၊ ၎င်းတို့ လာဘ်ငွေ ရယူထားသော ကုမ္ပဏီများကို တင်ဒါ လုပ်ငန်းများချပေးခဲ့ကြောင်း သိရှိရသည်။
စစ်ဗျူဟာအခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းကို တပ်မ ၉၉ တပ်မမှူးအဖြစ် ပြောင်းရွှေ့ခဲ့သော်လည်း ချင်းပြည်နယ်ဖွံ့ဖြိုးရေး တင်ဒါလုပ်ငန်းများ ချထားပေးရေးလုပ်ငန်းများတွင် နက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ချင်းပြည်နယ်အတွင်း သစ်ခိုးထုတ်မှု အပါအဝင် တရားမဝင် လုပ်ငန်းများအတွက် စစ်အရာရှိဟောင်း လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး နေလင်းအောင်၊ စစ်ဗျူဟာမှူး ဗိုလ်မှူး ကြီး စိုးဝင်းထွန်းတို့ထံသို့ လာဘ်ငွေ လစဉ် ပုံမှန်ပေးအပ်ရကြောင်း၊ နေလင်းအောင်မှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင်မှ ဝန်ကြီးအဖြစ် ခန့်အပ်ခံရခြင်းဖြစ်သော်လည်း စစ်အရာရှိဟောင်း ဖြစ်၍ ၁ နှစ်အတွင်း တရားမဝင် လုပ်ငန်းများဖြင့် ချိတ်ဆက်၍ ငွေကြေးရယူ ချမ်းသာလာကြောင်း၊ အဓိကမှာ ချင်းပြည်နယ်စစ်ကောင်စီမှ ထိပ်ပိုင်းစစ်အရာရှိများအတွက် ငွေကြေး လမ်းကြောင်း ဖန်တီးပေးနိုင်သည့်အတွက် ၎င်း၏ ဩဇာမှာ ဟားခါးအခြေချ စစ်ဗျူဟာတွင် ကြီးမားနေဆဲဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




