26 C
Yangon

ပလမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်က ဆက်တိုက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဆက်တိုက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပလမြို့ရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် မြို့ပေါ် ၄ ရပ်ကွက်ရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၇၈ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ ၂၈ ရက်နေ့ ညပိုင်းတွင်လည်း ပလမြို့ အနီးရှိ တိုရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် မည်မျှ ပျက်စီးသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၃၁ ရက်နေ့တွင်လည်း ပုလောမြို့နယ်၊ ရှပ်ပုံရွာကို အကြမ်းဖက် စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ ရှပ်ပုံရွာသည် ပုလောမြို့နှင့် နီးကပ်ပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာအနီး တပ်ဖြန့်ထားသောကြောင့် ပျက်စီးမှု အခြေအနေ အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ပလမြို့ကို စစ်ခွေးတွေ မီးရှို့သွားတာကတော့ နေအိမ် ၇၈ ဆောင်ပြာကျသွားတယ်။ တိုရွာ ကတော့ နေအိမ် ဘယ်နှဆောင် လောင်သွားလဲဆိုတာတော့ မသိရဘူး၊ ရှပ်ပုံရွာကတော့ နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ သိရတယ်။ ထိတွေ့ တိုက်ပွဲကတော့ ဖြစ်နေတာရှိတယ်။ တိုက်ပွဲဖြစ်စဉ်ကိုတော့ သက်ဆိုင်ရာ တော်လှန်ရေး တပ်ဖွဲ့တွေက ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ပုလောမြို့နယ်အတွင်း လက်နက်ကြီးများဖြင့် နေ့စဉ် ရမ်းသမ်းပစ်ခတ်မှုများလည်း လုပ်ဆောင်နေသောကြောင့် ပြည်သူများသည် ဘေးလွတ်ရာနေရာများကို ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်သူများ မရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article