ရန်ကုန်၊ ဖေဖော်ဝါရီ ၁
နိုင်ငံတကာက အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်မပြု၍ တရုတ်နိုင်ငံက ကမ ကထပြုသော ရွေးကောက်ပွဲ ဇတ်ညွန်းမှာ ထူးထူးခြားခြား အပြောင်းအလဲ ဖြစ်လာစရာမရှိကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ NUCC အဖွဲ့ဝင် ဦးမောင်မောင်အေးက ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ ကမကထပြုမှုဖြင့် ကျင်းပခဲ့သော စစ်တပ်၏ ရွေးကောက်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်သော်လည်း နိုင်ငံတကာ၏ အသိအမှတ်ပြုမှု မရရှိသည်ကို ရှင်းရှင်းလင်း တွေ့မြင်ရကြောင်း၊ စစ်တပ်၏ ရွေးကောက်ပွဲမှာ ၎င်းတို့ လိုချင်သော ရလဒ်မရကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ ရလဒ်ကို အသုံးပြု၍ နိုင်ငံတကာနှင့်ပြည်တွင်းတွင် ထူးထူးခြားခြား အခြေအနေ အပြောင်းအလဲ ဖြစ်လာစရာ မရှိကြောင်း ၎င်းက ထောက်ပြသည်။
“စစ်တပ်က ရွေးကောက်ပွဲအတုလုပ်တယ်။ လုပ်ပြီးတော့မှ သူကလည်း အသိအမှတ်ပြုခံရဖို့ ဆက် လုပ်မှာ၊ ဒါပေမယ့် ဒီမှာရှိကြတဲ့ခေါင်းဆောင်တွေရော၊ မီဒီယာတွေရော လက်တွေ့မြင်နေရတဲ့ အ တိုင်းပဲ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတုဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပါဘူး။ ကနေ့ရွေး ကောက်ပွဲပြီးသွားတဲ့အချိန်အထိ သူတို့လိုချင်တဲ့နိုင်ငံတကာအသိအမှတ်ပြုမှုဟာ မရဘူးဆိုတာ ရှင်း ရှင်းလင်းတွေ့ရပါတယ်။ ရွေးကောက်ပွဲမတိုင်မီကတည်းက ဒီဇာတ်ညွှန်းကိုရေးခဲ့တဲ့ တရုတ်တစ်နိုင်ငံတည်း ဖွင့်ပြီးတော့ပြောတယ်ဆိုကတည်းက စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ သူတို့လိုချင်တဲ့ ရလဒ်မရ ဘူး။ မရတဲ့အပြင် ဒီရွေးကောက်ပွဲကို ရလဒ်ကို အသုံးပြုပြီးတော့ နိုင်ငံတကာမှာပဲဖြစ်ဖြစ်၊ပြည်တွင်းမှာပဲ ဖြစ်ဖြစ် သူ့အခြေအနေတွေကလည်း ထူးထူးခြားခြားပြောင်းလဲ လာစရာမရှိဘူးလို့မြင်တယ်။” ဟု NUCC အဖွဲ့ဝင် ဦးမောင်မောင်အေးက ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ -NUCC နှင့် အမျိုးသားညီညွတ်ရေး အစိုးရ -NUG တို့ ပူး ပေါင်း၍ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေးပူးတွဲလုပ်ငန်းကော်မတီ (JWC) ကို ဖွဲ့စည်းခဲ့ပြီး မိတ်ဖက်တော်လှန်ရေးအင်အားစုများ၊ နိုင်ငံတကာအင် အားစုများ၊ ပြည်သူ လူ ထုနှင့်အတူ ပူးပေါင်း၍ အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်အတုယောင်ရွေးကောက်ပွဲ ကို နိုင်ငံ တကာ အစိုးရများ၊ အဖွဲ့အစည်းများက အသိအမှတ် မပြုရေး အတွက် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
အတုအယောင်ရွေးကောက်ပွဲအလွန် ကာလတွင်လည်း တရားမဝင် အတုအယောင်ရွေးကောက်ပွဲရလဒ် ကို အသိအမှတ်မပြုရေး ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန်လည်း ပြင်ဆင်လျက်ရှိကြောင်း၊ ထို့ ကြောင့် ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများအနေဖြင့်အကြမ်း ဖက်စစ်အုပ်စုက ပြုလုပ်သော အတုအယောင်ရွေးကောက်ပွဲကို လုံးဝ လက်မခံဘဲ ဆန့်ကျင်ရန်၊ ထို အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် စစ်တစ်ပိုင်းအစိုးရကို လုံးဝ လက်မခံဘဲ ဆန့်ကျင်ရန်နှင့် အသိအမှတ်မပြုရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။




