ရန်ကုန်၊ ဖေဖော်ဝါရီ ၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်တွင် အကျဉ်းသားအကျဉ်းသူများက အာဏာရှင်အဖွဲ့အစည်းမှန်သမျှ ကျဆုံးရေး အပါအဝင် အချက် ၃ ချက်ကို ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြနေကြောင်း အကျဉ်းထောင်နှင့်နီးစပ်သော သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကလေးမြို့အကျဥ်းထောင်မှ အကျဥ်းသား၊ အကျဉ်းသူများက အမှုကြီး ၉ မှုအတွက် ပြစ်ဒဏ်လျှော့ပေါ့ပေးရန်၊ အကျဥ်းထောင်တွင်း အရေးပါသည် တန်းစီးကဲ့သို့သော လုပ်ပိုင်ခွင့်ရှိသည့် နေရာများတွင် အမျိုးသမီး၊အမျိုးသားမခွဲခြားဘဲ တန်းတူအချိုးကျ နေရာပေးရန်၊ အာဏာရှင် အဖွဲ့အစည်းမှန်သမျှ ကျရှုံးရေး စသည့်အချက် ၃ ချက်ကို ငြိမ်းချမ်းစွာဖြင့် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း၊ တောင်းဆို ချက် ၁ နှင့် ၂ ကို သဘောမတူပါက တစ်နိုင်ငံလုံးရှိ အကျဥ်းထောင်တွင်းသပိတ်နေ့ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
ကလေးမြို့ အကျဉ်းထောင်မှ အကျဉ်းသားအကျဉ်းသူများ၏ တောင်းဆိုချက်ကို လာမည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ နောက်ဆုံးထား သဘောတူပေးပါရန် တောင်းဆိုထားကြောင်း သိရှိရသည်။
အကယ်၍ တောင်းဆိုချက်ကို သဘောမတူပါက မြန်မာ့ရိုးရာ နှစ်သစ်ကူး နှစ်ဆန်း၂ ရက်နေ့ကို တစ်နိုင်ငံလုံးရှိ အကျဥ်းထောင်တွင်းသပိတ်နေ့ အဖြစ် ကြေညာ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ တောင်းဆိုမှုများသည် နိုင်ငံရေးမှုများအတွက်သာ သီးသန့် လုပ်ဆောင်ခြင်း မဟုတ်ဘဲ အခြားအမှုများအပါအဝင် အကျဉ်း သားအကျဉ်းသူအားလုံးအတွက် ဖြစ်ကြောင်း၊ နိုင်ငံရေးအမှုများကို မလွှတ် ပေးသောကြောင့် အခြားအမှုများပါ အခွင့်အရေးများ ဆုံးရှုံးနေသည်မှာ ကြာပြီ ဖြစ်၍ တောင်းဆိုရခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ကလေးထောင်တွင် အကျဉ်းသူ ၂၀၀ ဝန်းကျင်က စစ်တပ်အာဏာသိမ်း ၅ နှစ်ပြည့်အဖြစ် သွေးသစ္စာ သီချင်းကို သံပြိုင်သီဆိုခဲ့ကြကြောင်း၊ လက်ရှိအချိန်တွင် ကလေးအကျဉ်းထောင်အတွင်း ထောင်အာဏာပိုင်များ၏ တုံ့ပြန်မှုနှင့် ပတ်သက်၍မူ စုံစမ်းဆဲဖြစ်ကြောင်း ကလေး အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။




