36 C
Yangon

လောင်းလုံးမြို့ပေါ် ထွေ/အုပ်ရုံးတွင် အစည်းအဝေး ပြုလုပ်နေသော စစ်သားများနှင့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ် ထွေ/အုပ်ရုံးတွင် အစည်းအဝေး ပြုလုပ်နေသော စစ်သားများနှင့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ နှင့် လောင်းလုံး ပကဖ မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်း တွင် လောင်းလုံးမြို့ပေါ် ထွေ/အုပ်ရုံးတွင် အစည်အဝေးပြုလုပ်နေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ဗုံး ၆ လုံးဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“လောင်းလုံးမြို့ပေါ် ထွေ/အုပ်ရုံးမှာ အစည်းအဝေး လုပ်နေတဲ့ စစ်ခွေးတွေကို ၄၀ မမ ဗုံး ၆ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ထိခိုက်မှုရှိပေမယ့် အရေအတွက်ကိုတော့ စုံစမ်းနေတုန်းပဲ” ဟု လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် သံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) ၊ ကျောင်းသားတော်လှန်ရေးတပ် (SRF) နှင့် Dawei Defence Team (DDT) တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၉ ရက်‌နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် လောင်းလုံးမြို့ပေါ်မှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညှင်းမော်ရွာကို စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို ထိတွေ့ တိုက်ပွဲသည် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လောင်းလုံးမြို့ပေါ်ကနေ ညှင်းမော်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေကို ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲက ၁၅ မိနစ်လောက်ပဲကြာတယ်။ တိုက်ပွဲအတွင်းမှာ စစ်ခွေး ၃ ကောင် ဒဏ်ရာရပြီး အဲ့ထဲက ၁ ကောင်ကတော့ ဒဏ်ရာပြင်းထန်လို့ သေဆုံးသွားတယ်လို့ သိရတယ်” ဟု လောင်းလုံးမြို့နယ် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပကဖ နှင့် နွေဦးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article