26 C
Yangon

ဖားကန့်တိုက်ပွဲတွင် ခမရ ၃၈၁ တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်မှူး ဇာနည်အောင် အပါအဝင် ၂ ဦးသေဆုံးပြီး စစ်သား ၆ ဦးအလင်းဝင်၊ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ မိသားစုဝင် ၃ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင်းရပ်ကွက် တိုက်ပွဲအတွင်း ၃၈၁ တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်မှူး ဇာနည်အောင် အပါအဝင် ၂ ဦးသေဆုံးပြီး စစ်သား ၆ ဦးအလင်းဝင်ရောက်ကာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း ဖားကန့်ဒေသ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ဖားကန့်မြို့ မရှီကထောင်းရပ်ကွက်ရှိ ဆုတောင်းကုန်းတွင် ရောက်ရှိ နေသော အကြမ်းဖက် စစ်တပ်၏ ခမရ ၃၈၁ တပ်ရင်းနှင့် KIA/KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ ထိုထိတွေ့ တိုက်ပွဲများ အတွင်း ခမရ ၃၈၁ တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်မှူး ဇာနည်အောင်နှင့် တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်လည်း ၃၈၁ တပ်ရင်း မှ စစ်သား ၁ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး KIA/KPDF ပူးပေါင်း တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာသောကြောင့် ဆုကြေး ငွေကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း၊ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင်လည်း ၃၈၁ တပ်ရင်း မှ စစ်သား ၅ ဦး KIA/KPDF ပူးပေါင်း တပ်ဖွဲ့ထံ ထပ်မံ အလင်းဝင်ရောက်လာကြောင်း၊ ဖားကန့်မြို့ ရှေ့တန်းတွင် ရောက်ရှိနေသော အရာရှိများနှင့် စစ်သားများကိုလည်း KIA/KPDF ပူးပေါင်းတပ်က အမြန်ဆုံး အလင်းဝင်ရောက်ကြရန် ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

“တိုက်ပွဲကတော့ ဆက်လက် ဖြစ်ပွားနေတုန်းပဲ ဖားကန့်မြို့ မရှီကထောင်းရပ်ကွက် တိုက်ပွဲအတွင်းမှာတော့ ၃၈၁ တပ်ရင်းက တပ်ခွဲမှူး ဗိုလ်မှူး ဇာနည်အောင်နဲ့ စစ်ခွေး ၁ ကောင်သေတယ်လို့ သိရပါတယ်။ မနေ့ကနဲ့ ဒီနေ့ကော ၃၈၁ တပ်ရင်းကပဲ စစ်သား ၆ ဦး အလင်းဝင်ရောက်လာပါတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဖားကန့်မြို့တွင် အကြမ်းဖက် စစ်တပ်က KIA၊KPDF ပူးပေါင်းတပ်များ ထိန်းချုပ်ထားသော နေရာများကို ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်က စာသင်ကျောင်းများနှင့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

ယင်းအပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အမှိုက်ပုံကျေးရွာအတွင်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးအပါအဝင် မိသားစုဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့် သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက် ၅ နာရီခန့်က ဖားကန့်မြို့နယ်၊ အမှိုက်ပုံကျေးရွာအတွင်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မြို့ကုန်းရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အသက် ၂ နှစ်အရွယ်ကလေးငယ်နှင့်မိခင်၊ ဖခင်ဖြစ်တို့ မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်လည်း အမိုးပွင့်ပျက်စီးခဲ့ကြောင်း သိရသည်။

“မိခင်ဖခင်ကတော့ အသက်အရွယ် ဘယ်လောက်လဲ မသိရဘူး။ မနက် ၅ နာရီလောက် လက်နက် ကြီးကျည် ထိထိချင်း သူတို့မိသားစုတွေကို ဆေးရုံပို့လိုက်တာ။ ကလေးမှာက နောက်စေ့နဲ့ ပေါင်မှာ ထိခိုက်ဒဏ်ရာတယ်။ ဖခင်ဖြစ်တဲ့သူ ခြေထောက်နဲ့ မိခင်ဖြစ်တဲ့သူက ဘယ်၊ညာရင်အုံအထက်မှာ ဒဏ်ရာရတယ်လို့ သိရပါတယ်။ အချိန်မီဆေးကုသပေးထားလို့ အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူး” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖားကန့်တွင် စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း အောင်မြင်မှုမရှိခြင်းကြောင့် ဇန်နဝါရီလ ၃၀ ရက်နေ့မှစ၍ KIA ၊ KPDF တပ်ဖွဲ့များ ထိန်းချုပ်ရာ ဆိပ်မူကျေးရွာဘက်သို့ အင် အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်း ထိုးလာမှုကြောင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲပြင်းထန်နေမှုကြောင့် ဒေသနေပြည်သူများမှာ စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြရ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article