ရန်ကုန်၊ ဖေဖော်ဝါရီ ၅
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းရန် ဥပဒေတစ်ရပ် ကြေညာလိုက်မှုအပေါ် စစ်တပ်က အာဏာကို ဆက်လက်ထိန်းချုပ်နိုင်ရေး လုပ်ဆောင်ချက်အဖြစ် အေပီနှင့်ရိုက်တာ သတင်းဌာနတို့က ရေးသားဖော်ပြကြပြီး ယင်းသတင်းကိုလည်း နိုင်ငံတကာ မီဒီယာများကလည်း အကျယ်တဝင့် ပြန်လည်ဖော်ပြလျက်ရှိသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မင်းအောင်လှိုင်က ပြည်ထောင်စု အတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး ယင်းကောင်စီက ဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့်ဖက် ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းပြည်သာယာ၀ပြောရေးနှင့် စားရေ ရိက္ခာပေါများရေးအတွက်ဟုဆိုကာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်းလာကြောင်း၊ အဆိုပါ ကောင်စီတွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်းကို ပါဝင် ဖွဲ့စည်းရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
စစ်တပ်က ကြံ့ဖွတ်ပါတီ ရွေးကောက်ပွဲအနိုင်ရရှိသော ရလဒ်နှင့်အတူ အစိုးရအာဏာကို တိုက်ရိုက်မကိုင်ဆောင်ဘဲ သက်ရောက်မှု ဆက်လက်ထားရှိနိုင်စေမည့် အကြံပေးအဖွဲ့သစ် ဖွဲ့စည်းခွင့်ပေးသော ဥပဒေကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြောင်း အေပီသတင်းက ဆိုသည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်အတွက် အလိုအလျောက် ခွဲဝေပေးထားသဖြင့် လက်နက်ကိုင်တပ်ဖွဲ့နှင့် ၎င်းတို့နှင့် မဟာမိတ်ပါတီများက အာဏာကို ထိန်းချုပ်နိုင်ရန် အာမခံ ထားပြီးသားကြောင်း၊ မင်းအောင်လှိုင်သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်လျှင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ရာထူးကို စွန့်လွှတ်ရမည်ဖြစ်၍ မစွန့်လိုသောကြောင့် ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီ(Union Consultative Council) ဟု ခေါ်သော အဖွဲ့သစ် ဖွဲ့စည်းခွင့်ပေးသည့် ဥပဒေကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ် ကြောင်း၊ ကောင်စီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသူသည် တရားဝင် အစိုးရခေါင်းဆောင် မဖြစ်သည့်တိုင် အရေးပါသော သက်ရောက်မှုကို ကိုင်တွယ်နိုင်မည် ဖြစ်ကြောင်း အေပီသတင်းက ဆက်လက်ရေးသားထားသည်။
အဆိုပါ ကောင်စီသည် အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဥပဒေရေးရာကိစ္စများတွင် အကြံပေးခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းများကို လုပ်ဆောင်နိုင်သော်လည်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို မထိခိုက်စေရဟု ဖော်ပြထားကြောင်း၊ မင်းအောင်လှိုင်က အကြံပေးကောင်စီကို ကိုယ်တိုင် ဦးဆောင်မည်လားဆိုသည်မှာ မရှင်းလင်းသေးဘဲ ယင်းကောင်စီကို ရွေးကောက်ပွဲ နောက်ဆုံးရလဒ်များ ထုတ်ပြန်သည့်နေ့နှင့် တိုက်ဆိုင်နေကြောင်း ထောက်ပြထားသည်။
ယင်းအပြင် မင်းအောင်လှိုင်က ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေး ရှိုဂူ နှင့် နေပြည်တော်တွင် တွေ့ဆုံရာ၌ လွှတ်တော်သစ်ကို မတ်လ တတိယပတ်တွင် စတင်ခေါ်ယူပြီး သမ္မတသစ်ကို ရွေးချယ်မည်ဟု ပြောကြားခဲ့သည်။
အလားတူ ရိုက်တာသတင်းဌာနကလည်း မင်းအောင်လှိုင်က စစ်တပ်နှင့် အရပ်သားအစိုးရ နှစ်ဖက်စလုံးကို ကြီးကြပ်ထိန်းချုပ်နိုင်မည့် အဖွဲ့အသစ်တစ်ခုကို ဖွဲ့စည်းသွားမည်ဟု ကြေညာခဲ့ပြီး၊ ယင်းအဖွဲ့သစ်ကြောင့် အာဏာအရှိဆုံးခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တပ်အပေါ် ထိန်းချုပ်မှု မလျော့ဘဲ သမ္မတဖြစ်လာနိုင်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်ဟု သတင်းဖော်ပြသည်။
လာမည့်လတွင် လွှတ်တော်ဖွဲ့စည်းကာ အမည်အားဖြင့် အရပ်သားအစိုးရသို့ အာဏာလွှဲပြောင်းမည့် ရွေးကောက် ပွဲ နောက်ဆုံးအဆင့် ပြီးဆုံးပြီး မကြာမီ စစ်တပ်က အဖွဲ့ဝင် ၅ ဦး ပါဝင်သည့် “ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ (Union Consultative Council)” ကို တည်ထောင်မည်ဟု ကြေညာခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရေး သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Institute for Strategy and Policy – Myanmar မှ အစီအစဉ်တွဲဖက်တာဝန်ခံ နိုင်မင်းခန့် က ယင်းအဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အလွန်ကျယ်ပြန့်ပြီး အမျိုးသားလုံခြုံရေးနှင့် ဥပဒေပြုရေးလုပ်ငန်းစဉ်များ၏ အရေးပါသော အစိတ်အပိုင်းအားလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနသို့ ပြောဆိုသည်။
“ပြည်ထောင်စု အတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းခြင်းဟာ အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲကြီးတစ်ခုဖြစ်ပြီး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ်အပေါ် အထက်ကရှိနေမယ့် အာဏာပိုင်အဖြစ် ရပ်တည်မယ့် ‘စူပါအဖွဲ့’ တစ်ခုကို ဖန်တီးလိုက်တာ ဖြစ်နိုင်ပါတယ်” ဟု နိုင်မင်းခန့်က ဆိုသည်။
ရှေ့နေ ဦးကြီးမြင့် ကလည်း “ ဒီပြည်ထောင်စု အတိုင်ပင်ခံကောင်စီအသစ်ဟာ တစ်ဖက်မှာ စစ်တပ်အကြီးအကဲအသစ်ကို ကြီးကြပ်ပြီး၊ တစ်ဖက်မှာတော့ အစိုးရကို ထိန်းချုပ်သွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စု အတိုင်ပင်ခံကောင်စီကြောင့် မင်းအောင်လှိုင်နောက်တွင် စစ်တပ်ခေါင်းဆောင်ဖြစ်လာမည့်သူသည် အာဏာအလွန်အကျွံ မရနိုင်အောင် တားဆီးသွားမည်ဟုလည်း ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပြောဆိုသည်။




