ရန်ကုန်၊ ဇူလိုင် ၁၀
ကရင်ပြည်နယ် မြဝတီမြို့နယ်တောင်ပိုင်းတွင် စစ်တပ်က ဂျက်တိုက်လေယာဉ်များဖြင့် ဆက် တိုက်ဗုံးကြဲတိုက်ခိုက်နေသဖြင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးအခြေအနေ တင်းမာလာကာ ထိုင်းစစ်တပ်နှင့် လုံခြုံရေးအာဏာပိုင်များက နယ်စပ်ဒေသနေပြည်သူများအတွက် လုံခြုံရေးသတိပေးချက် ယနေ့ ထုတ်ပြန်သည်။
ယနေ့ ဇူလိုင် ၁၀ ရက်နေ့ မြန်မာနိုင်ငံဘက်အခြမ်း၊ မြ၀တီမြို့နယ်၊ ဝေါလေနှင့်မင်းလက်ပံနယ်မြေများကို စစ်တပ်က ယမန်နေ့ညမှ ယနေ့နံနက်ပိုင်းအထိ တောက်လျှောက် အပြင်းအထန် လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ရှိ မယ်ကုန်းကင်ကျေးရွာအနီးတွင် ထိုင်းစစ်တပ်က လုံခြုံရေးစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ နယ်စပ်လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုင်းလုံခြုံရေးတပ်ဖွဲ့များ၏ အစီရင်ခံစာအရ ယနေ့ နံနက်ပိုင်းတွင် စစ်လေယာဉ် ၄ စီးက မြဝတီမြို့နယ် မင်းလက်ပန်ကျေးရွာအနီးရှိ နေရာတစ်ခုသို့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျရောက်သည့်နေရာမှာ ထိုင်းနိုင်ငံ မယ်ကုန်းကင်ကျေးရွာနှင့် တစ်ကီလိုမီတာခန့်သာ ကွာဝေးသဖြင့် ဒေသခံပြည်သူများအား အသံချဲ့စက်များဖြင့် ဗုံးခိုကျင်းများနှင့် လုံခြုံရာနေရာများသို့ ဝင်ရောက်ခိုလှုံရန် အရေးပေါ်သတိပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ထိုင်းအာဏာပိုင်များက မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသဖြင့် နယ်စပ်နှင့် အနီးတစ်ဝိုက်ရှိ ပြည်သူများအနေဖြင့် လွင်ပြင်နေရာများနှင့် နယ်စပ်အနီးသို့ မလိုအပ်ဘဲ သွားလာခြင်းကို ရှောင်ရှားကြရန်၊ အရေးပေါ်ရွှေ့ပြောင်းရနိုင်သည့် အခြေအနေအတွက် အရေးကြီးစာရွက်စာတမ်းများ၊ ဆေးဝါးများနှင့် မရှိမဖြစ်အသုံးအဆောင်များကို ကြိုတင်ပြင်ဆင်ထားကြရန် လုံခြုံရေးသတိပေးချက် ထုတ်ပြန်ထားသည်။
ထိုင်းလုံခြုံရေးအဖွဲ့များက နယ်စပ်အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ပြည်သူများအား ချက်ချင်းအသိပေးသွားမည်ဖြစ်သည့်အပြင် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များကို အလေးထားလိုက်နာကြရန်လည်း တိုက်တွန်းထားသည်။
ယနေ့ ဇူလိုင် ၁၀ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်များက မယ်ကုန်းကင်ကျေးရွာနှင့် မျက်နှာချင်းဆိုင်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ နေရာများကို ပေါင် ၂၀၀၀ ဗုံးများဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲသံများ ပြင်းထန်စွာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
ယနေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီခန့်တွင်လည်း ဝေါ်လေဒေသကို စစ်ကောင်စီ၏ ဂျက်တိုက် လေယာဉ်တစ်စီးက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
“ဒီမနက် မဲဆောက်ဘက်အခြမ်းကနေ မြ၀တီတိုက်ပွဲရဲ့ ပေါက်ကွဲသံတွေကို ကြားနေရတယ်။ အရမ်းကို တုန်ဟီးပြီး ပေါက်ကွဲသံကြီးတွေ ကြားရတာ။ စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်အတွင်း အပြင်းထန်ဆုံးပေါက်ကွဲမှုတွေလို့ ပြောရမယ်” ဟု မဲဆောက်မြို့တွင် တိမ်းရှောင်နေထိုင်နေသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောဆိုသည်။
ထို့အပြင် ဇူလိုင် ၉ ရက် ည ၁၀ နာရီခွဲခန့်တွင်လည်း လေးကေကော်ဒေသအပေါ် ရဲကုန်းဘက်သို့ စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
မြဝတီမြို့နယ်တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေမှုကြောင့် နယ်စပ်နှစ်ဖက်စလုံးတွင် လုံခြုံရေးအခြေအနေ တင်းမာနေပြီး ထိုင်းအာဏာပိုင်များကလည်း နယ်စပ်တစ် လျှောက် လုံခြုံရေးအစီအမံများကို ဆက်လက်တိုးမြှင့်ထားကြောင်း သိရသည်






