25.9 C
Yangon

မြန်မာအကြမ်းဖက်စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဘန်ကောက်မြို့တွင် အလွတ်သဘော အစည်းအဝေး ပြုလုပ်မည်

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

အာဆီယံ (ASEAN) နိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာအကြမ်းဖက်စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီးတို့အကြား အထူးအစည်းအဝေးတစ်ရပ်ကို လာမည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခနှင့် အာဆီယံအဖွဲ့နှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေး ပြန်လည်တိုးတက်ရေးကိစ္စများကို အဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောသည်။

ယခုအစည်းအဝေးကို ၁၁ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံထိပ်သီးအစည်းအဝေးများမှ မြန်မာစစ်ခေါင်းဆောင်များ ဖယ်ရှားခံခဲ့ရပြီးနောက် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတို့အကြား ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမည့် အစည်းအဝေးလည်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံသည် အာဆီယံ၏ အရေးပါသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း၊ ယခုအစည်းအဝေးမှာ အလွတ်သဘောဆွေးနွေးပွဲဖြစ်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် နိုင်ငံအတွင်း နောက်ဆုံးအခြေအနေများကို အာဆီယံနိုင်ငံများအား ရှင်းလင်းတင်ပြခွင့် ရရှိမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့ပြင် အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် အာဆီယံအကြား ဆက်လက်ထိတွေ့ဆက်ဆံမည့် နည်းလမ်းများ၊ အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးပါဝင်သည့် အပြုသဘောဆောင် ဆွေးနွေးပွဲများ ဖော်ဆောင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိုမိုပေးအပ်နိုင်ရေးအတွက် လက်တွေ့ကျသော ခြေလှမ်းများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဆန္ဒပြသူများအပေါ် အကြမ်းဖက်နှိမ်နင်းမှုများ ဖြစ်ပွားခဲ့ပြီး ပြည်တွင်းစစ် ပိုမိုကျယ်ပြန့်လာကာ လူပေါင်း တစ်သိန်းခန့် သေဆုံးပြီး သန်းနှင့်ချီသော ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပပြီးနောက် အရပ်သားအစိုးရအဖြစ် ဖွဲ့စည်းထားသော်လည်း သမ္မတအဖြစ် အကြမ်းဖက်မင်းအောင်လှိုင်က တာဝန်ယူထားပြီး စစ်တပ်က အစိုးရအတွင်း အဓိကအာဏာကို ဆက်လက်ထိန်းချုပ်ထားသည်။

မင်းအောင်လှိုင်သည် အာဆီယံနှင့် ဖြစ်ပေါ်နေသော အကျပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းနေပြီး ယခင်သီတင်းပတ်အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ပထမဆုံး သွားရောက်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံ၏ အာဆီယံနှင့် ဆက်ဆံရေး ပြန်လည်ပုံမှန်ဖြစ်လာရေးမှာ အခက်အခဲများ ဆက်လက်ရှိနေဖွယ်ရှိကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။

မြန်မာစစ်တပ်လက်အောက်ခံ ကြံ့ဖွတ် လွှတ်တော်တွင် အာဆီယံ၏ “အချက်ငါးချက် သဘောတူညီချက်” (Five-Point Consensus) ကို ပြန်လည်သုံးသပ်ကာ ကန့်ကွက်တုံ့ပြန်ရန် အဆိုတစ်ရပ်ကို ထောက်ခံအတည်ပြုထားသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် ရပ်တည်ချက်ကို ပြန်လည်သုံးသပ်သင့်ကြောင်း ၊အာဆီယံ၏ ရပ်တည်ချက်ကို ပြန်လည်စိစစ်ကာ မြန်မာစစ်တပ်အနေဖြင့် တုံ့ပြန်ဆောင်ရွက်ရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက်ကို ကြံ့ဖွတ်လွှတ်တော်က တောင်းဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article