ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၇၄ နှစ်အရွယ်အဖွားတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကာ နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ -IEC အထွေထွေအတွင်းရေးမှူး -၂ ဗညားခွန်းအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြာသည်။
ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်စောပိုင်း ၁ နာရီဝန်းကျင်ခန့်တွင် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ လိုလော်ထီးကျေးရွာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ အသက် ၇၄ နှစ်အရွယ် အဖွားတစ်ဦး သေဆုံးပြီး အသက် ၂၅ နှစ် နှင့် အသက် ၃၀ ဝန်းကျင် အရွယ် အမျိုးသားတစ်ဦး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၅ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“အသက် ၇၄ နှစ်အရွယ် အဖွားတစ်ဦး ဆုံးတယ်၊ နောက်ပြီးတော့ အသက် ၂၅ နှစ်နဲ့ ၃၀ ဝန်းကျင်အရွယ်ပေါ့ ၊ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ နေအိမ် ၅ လုံးပျက်စီးသွားတယ်။ ဒေသအခေါ်ဆိုရင် လိုလော်ထီးကျေးရွာပေါ့၊ မော်ချီးဒေသဖြစ်ပါတယ်။” ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ -IEC အထွေထွေအတွင်းရေးမှူး -၂ ဗညားခွန်းအောင်က ပြောဆိုသည်။
ထို့ပြင် ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်ကလည်း ဖားဆောင်းမြို့နယ်၊ သံလွင်တံတားအနီးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးသီး ၉ လုံးကျဲချပြီးနောက် ဖားဆောင်းမြို့တွင်း၌ တပ်စွဲ ထားသော ခလရ ၁၃၅ တပ်ရင်းက ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်မှ စတင်ပြီး မိတ္ထီလာ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီးများသည် တောင်သာမြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာများကို ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေကြောင်း၊ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
“ဒီနေ့ ညနေ ၆ နာရီ ၁၆ မိနစ်လောက်တည်းက စပြီး စစ်ခွေး စက်တပ်လေထီးက ဗုံးကျဲနေတာ စက်လက်တွေနဲ့ ပစ်နေတယ်။ ပြည်သူတွေ ထိခိုက်မှုရှိ၊မရှိတော့ မသိရသေးဘူး။ ပြည်သူတွေလည်း ဘေးလွတ်ရာပြေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – ၂၀၂၅ ခုနှစ်အတွင်း မော်ချီးဒေသကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးခဲ့သော နေအိမ်များ။ (ပုံအဟောင်းဖြစ်သည်)






