ရန်ကုန်၊ ဖေဖော်ဝါရီ ၆
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့ ဖျက်ဆီးခြင်းကြောင့် နေအိမ် ၆၀၀ နီးပါး မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်အစောပိုင်းမှ စတင်ပြီး မြင်းခြံမြို့နယ်၊ အေးရွာကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်တော်သာရွာ၊ တန်းဆောင်းရွာ၊ နတ်ညွန်းရွာနှင့် ဒါးကျွန်းတောင်ရွာ၊ မြောက်ရွာ တို့ကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နတ်ညွန်းရွာမှ နေအိမ် ၂၀၀ ကျော်၊ ဒါးကျွန်းတောင်ရွာ၊ မြောက်ရွာမှ နေအိမ် ၃၀၀ ကျော်၊ တန်းဆောင်းရွာမှ နေအိမ် ၁၀၀ ကျော်နှင့် ပြည်တော်သာရွာမှ နေအိမ် ၅၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ ထို့ပြင် ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တန်းဆောင်းရွာအတွင်း ပြန်လည် ဝင်ရောက်လာသောကြောင့် ပြည်သူများဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“၄ ရက်နေ့ကနေ စပြီး စစ်ခွေးစစ်ကြောင်းက ကျေးရွာတွေကို ဆက်တိုက်မီးရှို့သွားတာ ကျနော်တို့ သိရတာတော့ ကျေးရွာ ၅ ခုပေါင်း နေအိမ် ၆၀၀ ကျော် မီးလောင်ပြာကျသွားတယ်။ ပြည်သူတွေလည်း ပြေးနေရတုန်းပဲ ရွာထဲခဏ ဝင်ကြည့်ပြီး ပြန်ပြေးရတာပေါ့။ စစ်ခွေး စစ်ကြောင်းတွေက ပြန်မဆုတ်သေးဘူး။ ဒီနေ့လည်း တန်းဆောင်းရွာထဲကို စစ်ခွေးတွေ ပြန်ဝင်နေတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မကွေးတိုင်း ပေါက်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ပြည်သူ ၅ ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပေါက်မြို့နယ် ကပစ ၂၄ လက်နက်စက်ရုံမှ ထွက်လာသော အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သစ်ချိုကုန်းပျူစောထီးရွာကို ရောက်ရှိလာပြီး အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ဖြင့်လည်း ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ပေါက်မြို့နယ် အတွင်း မြေပြင် စစ်ကြောင်း အပြင် ကပစ ၂၄ လက်နက်စက်ရုံမှ စစ်သားများကလည်း လက်နက်ကြီးများဖြင့် ကျေးရွာများကို ရမ်းသန်းပစ်ခတ်နေသောကြောင့် ရွာပေါင်း ၆ ခုမှ ပြည်သူ ၅ ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ပြည်သူတွေ ဖမ်းဆီးခံရတာ မရှိဘူးလို့ သိရတယ်။ ကျနော်တို့လည်း အခြေအနေ အသေးစိတ်ကို မသိရဘူး။ အကုန်လုံးက စစ်ခွေးစစ်ကြောင်းနဲ့ လွတ်ရာကို ပြေးနေရတာ တကွဲတပြားပဲ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်ကလည်း ကြောက်ရသေးတယ်။ ကပစ ၂၄ က စစ်ခွေးတွေက တောက်လျှောက်ကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။






