ရန်ကုန်၊ ဖေဖော်ဝါရီ ၇
ကရင်နီပြည်၊ ဖားဆောင်းမြို့ရှိ လက်ကျန်တပ်ရင်းကို အင်အားဖြည့်တင်းနိုင်ရေးအတွက် စစ်တပ်က စစ်မှုထမ်းတပ်သားများကို အသေခံခိုင်းပြီး ချီတက်နေသဖြင့် စစ်မှုထမ်းတပ်သားသစ်အများအပြား ထိခိုက်သေဆုံးလျက်ရှိ ကြောင်း ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ဘောလခဲမြို့သို့ရောက်ရှိနေသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ဖားဆောင်းမြို့ရှိ တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် ခလရ ၁၃၅ တပ်ရင်းသို့ စစ်ကူ အင်အားဖြည့်တင်းနိုင်ရေးအတွက် စစ်မှုထမ်းတပ်သား အင်အား ၅၀၀ ကျော်အသုံးပြုကာ ရှေ့ဆုံးမှ အသေခံတက်ခိုင်းနေသဖြင့် ကရင်နီတော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့များနှင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း၊ ယင်းတိုက်ပွဲများအတွင်း စစ်မှုထမ်းတပ် သား အများ အပြား ထိခိုက်သေဆုံးလျက်ရှိသော်လည်း နောက်ပြန်ဆုတ်ခွင့်မပေးဘဲ ကျန်ရှိနေသော စစ်မှုထမ်းတပ်သားများဖြင့် ဆက်လက်ချီတက်နေကြောင်း သိရသည်။
“သူတို့က ဖားဆောင်းရောက်ဖို့အတွက် တောက်လျှောက်အလုံးအရင်းနဲ့ထိုးနေတာ။ သေလည်း ဆက်တက်နေတာပဲ။ ထိခိုက်မှုများလည်း တက်နေတာပဲ။ အဓိကတော့ ဖားဆောင်းရောက်ဖို့ပဲ။ လက်ရှိ ကျန်နေတဲ့တပ်ကို အချိတ်အဆက်ရဖို့ ၊ စစ်ကူပို့နိုင်ဖို့တောက်လျှောက်အလုံးအရင်းနဲ့ ထိုး နေတာဖြစ်ပါတယ်။ ပစတွေကို ရင်းပြီးတော့ တောက်လျှောက်တက်နေတာ။ သေတာတွေရော၊ ဒဏ်ရာရတာတွေရော တော်တော်လေးများတယ်။ အင်အားကတော့ ရာချီရှိလောက်တယ်။” ဟု ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ကရင်နီပြည်တွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒီးမော့ဆို – ဖရူဆို -ထားလဲ -နန်းဖဲ- ဘောလခဲ လမ်းတစ် လျှောက် တိုက်ပွဲများပြင်းထန်နေပြီး အများပြည်သူများ ဖြတ်သန်းသွားလာခွင့်ကို KNDFက ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့စတင်၍ ဖရူဆိုမြို့မှ ထွက်လာသော စစ်တပ် စစ်ကြောင်းတချို့က ဖရူဆို- ထားလဲ လမ်းနှင့် နန်းဖဲကျးရွာဘက်သို့ ရောက်ရှိနေပြီး ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း ၊ ထို့ကြောင့် ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှစ၍ ဒီးမော့ ဆို -ဖရူဆို -ထားလဲ -နန်းဖဲ – ဘောလခဲ လမ်းမကြီးကို ရက် အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ် ကြောင်း ၊ ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြပါရန် KNDF က သတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ- စစ်တပ်လက်အောက်ခံ စစ်မှုထမ်း ပြည်သူ့စစ်တချို့၏ နာရေး အသုဘ ချမှု မြင်ကွင်း။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




