26 C
Yangon

မြန်မာ့အကျပ်အတည်းကို အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဖြင့် ဖြေရှင်းရန် ထောက်ခံပြီး အကောင် အထည် မဖော်မှုအတွက် မင်းအောင်လှိုင်ကို မေးခွန်းထုတ်ရမည်ဟု RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ်ပြော

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မြန်မာ့အကျပ်အတည်းကို အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဖြင့် ဖြေရှင်းရန် ထောက်ခံပြီး အကောင် အထည်မဖော်မှုအတွက် မင်းအောင်လှိုင်ကို မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည် တပ်မ တော် ( RCSS/SSA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ၇၉ နှစ်​မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်လာသော သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်ကြီး ရွက်ဆစ်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

RCSS/SSA အနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဖြင့် တိုင်းပြည်၏ ပြဿနာကို ဖြေရှင်းရန် ထောက် ခံကြောင်း၊ သို့ရာတွင် အကောင်အထည်ဖော်မှုအပိုင်းတွင် အကောင်အထည်မဖော်သော မင်းအောင်လှိုင်ကို မေးမြန်းရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျနော်တို့အနေနဲ့ကတော့ ASEAN Five-Point Consensus ကို အမြဲတမ်းထောက်ခံအားပေးပါတယ်။ ဖြစ်မြောက်လာဖို့အရေးအတွက် အမြဲ ထောက်ခံအားပေးပါတယ်။ (ဖြစ်မြောက်မလာတာကတော့) မင်းအောင်လှိုင်ကို သွားမေးရမယ့် ကိစ္စဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကပဲ လက်မှတ်ထိုးခဲ့တာဖြစ်တယ်” ဟု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်က အာဆီယံခေါင်းဆောင်များနှင့်သွားရောက်တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် အာဆီယံက မြန်မာ့အရေး ဖြေရှင်းရေးအတွက် ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အာဆီယံဘုံသဘောတူညီချက ၅ ချက်မှာ ၁- အကြမ်းဖက်မှုများ ရပ်တန့်ရေး: မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန်ဖြစ်ပြီး၊ သက်ဆိုင်သူအားလုံးက အစွမ်းကုန် ထိန်းသိမ်းစောင့်ရှောက်ကြရန် ၂- တွေ့ဆုံဆွေးနွေးရေး: ငြိမ်းချမ်းသော အဖြေရှာနိုင်ရန်အတွက် ပါဝင်ပတ်သက်နေသူ အားလုံးအကြား အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ၃- အထူးကိုယ်စားလှယ် ခန့်အပ်ရေး: တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်တွင် ကြားဝင်စေ့စပ်ပေးရန် အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရန်။ ၄- လူသားချင်းစာနာမှု အကူအညီများ: အာဆီယံ၏ AHA Centre မှတစ်ဆင့် လိုအပ်နေသော ပြည်သူများထံ အကူအညီများ ပေးအပ်ရန် ၅- အထူးကိုယ်စားလှယ်၏ ခရီးစဉ်: အာဆီယံအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ သွားရောက်၍ သက်ဆိုင်သူ အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံရန် ဖြစ်သည်။

ယင်းအပြင် RCSS ဗိုလ်ချုပ်ကြီးရွက်ဆစ်က ၇၉ နှစ်မြောက် ရှမ်းအမျိုးသားနေ့အခမ်းအနားတွင် လက်ရှိ နိုင်ငံတွင် စစ်ရေးပဋိပက္ခ ကြီးမားနေရခြင်းမှာ ခေါင်းဆောင်များနှင့် ၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေကြောင့် ဖြစ် ကြောင်း၊ ခေါင်းဆောင် စည်းလုံးမှုမရှိ၍ ပြဿနာများ မဖြေရှင်းနိုင်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ ပြဿနာကြောင့် အာဏာ မကြာခဏ သိမ်းနေပြီး ပြည်သူနှင့်တိုင်းပြည် ထိခိုက်ကြောင်း ပြောဆိုသည်။

မြန်မာစစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး ကျေးရွာများကို မီးရှို့နေသဖြင့် စစ်ရေးလျော့ကျရန်မရှိဘဲ ငြိမ်သက်သွားရန်လည်းမရှိကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် တွေ့ဆုံ ဆွေးနွေးမှသာ တိုင်းပြည် ငြိမ်ချမ်းနိုင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ရှမ်းပြည်နယ်၊ လွိုင်တိုင်းလျန်းတွင် ကျင်းပခဲ့သည့် ၇၉ ကြိမ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားသို့ RCSS ၏ ဖိတ်ကြားမှုဖြင့် SSP၊ SNDP၊ SSNDF၊ SNA၊ PNO၊ LDU၊ DKBA၊ CNF ၊ မိုင်းလားနှင့် UWSA တို့မှ ကိုယ်စား လှယ် အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဓာတ်ပုံ- သျှမ်းတော်သံတော်ဆင့်နှင့်အေဂျင်စီ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article