ရန်ကုန်၊ ဧပြီ ၁၇
အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီးထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ မည်သည့် သတင်းအချက် အလက်မှ မရရှိဟု NLD ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ဗဟိုအလုပ် အမှု ဆောင်လည်းဖြစ်သူ ဒေါက်တာမျိုးညွန့်က ပြောဆိုလိုက်သည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် ဆက်သွယ်မေးမြန်းခန်းတွင် ဒေါက်တာမျိုးညွန့်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
“ကျနော်တို့ အဲဒီသတင်းတွေနဲ့ ပတ်သက်လို့ နေပြည်တော်မှာထားဖို့ နေရာတွေကို လိုက်ကြည့်ပါတယ်။ ဘယ်လိုမှထားလို့ မဖြစ်နိုင်တာတွေ့ရပါတယ်။ အဲဒီတော့ ရန်ကုန်မှာ ထားမလားဆိုတော့ ခြံထဲက ပုဂ္ဂိုလ်တွေကလည်း အခုအထိ တစ်စုံတစ်ရာ အကြောင်းကြားတာမရှိဘူး။ ပြင်ဆင်ထားတာမရှိဘူးလို့ ပြောပါတယ်။ ကျနော်တို့ အခုလောလောဆယ် နေအိမ်ပြန်ထားမယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့ အတည်မပြုနိုင်ပါဘူး။ မူလ ထိန်းသိမ်းတဲ့ အတိုင်းပဲရှိသေးတယ် လို့ လောလောဆယ်တော့ ကျနော်တို့ အဲလိုသဘောထားပါတယ်။ အတည်ပြုလို့လည် မရပါဘူး။ ကောလာဟလတွေပါ” ဟု ဒေါက်တာမျိုးညွန့်က ရှင်းပြသည်။
ဒေါက်တာမျိုးညွှန့်နှင့်NLD ခေါင်းဆောင်တချို့သည် နေပြည်တော်သို့ သွား ရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရန် ကြိုးစားနေခြင်းဖြစ် သည်။
အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ်များချမှတ်ထားခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူကမူ ဒေါ်အောင်ဆန်းစုကြည် ကျခံနေရသော ထောင်ဒဏ်တချို့ကို လျှော့ပေါ့ပေးလိုက်သည်ဟု ပြောဆိုကြောင်း ရိုက်တာသတင်းဌာနကသတင်းဖော်ပြသည်။
အသက် ၈၀ အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်တပ်က နိုင်ငံမတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှု၊ အဂတိ လိုက်စားမှု၊ ရွေးကောက်ပွဲ မသမာမှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေချိုးဖောက်မှု အပါအဝင် ပြစ်မှုအမြောက် အမြားဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားသည်။
ယခုအခါ သူမ၏ ထောင်ဒဏ်ကို ခြောက်ပုံတစ်ပုံ လျှော့ပေါ့ပေးလိုက်ခြင်းဖြစ်သော်လည်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား ကျန် ရှိနေသည့် ပြစ်ဒဏ်ကာလများကို နေအိမ်အကျယ်ချုပ်ဖြင့် ဖြတ်သန်းခွင့်ပြုမည်၊ မပြုမည်မှာမူ ရှင်းလင်းစွာ မသိရသေးကြောင်း ရှေ့နေဖြစ်သူက ပြောသည်။




