32 C
Yangon

လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်ဈေးရပ်ကွက် ရဲစခန်းအနီးရှိ နေအိမ်ကို ပျူစောထီးများက ဓားပြဝင်တိုက်ပြီး ငွေကျပ် သိန်း ၆၀၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ယူဆောင်သွား

Must read

ရန်ကုန်၊ ဧပြီ ၁၈

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်ဈေးရပ်ကွက် ရဲစခန်းအနီးရှိ နေအိမ်ကို ပျူစောထီးများက ဓားပြဝင်တိုက်ပြီး ငွေကျပ် သိန်း ၆၀၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်ကျေးရွာအုပ်စုရှိ ခမုံဆိပ်စျေးရပ်ကွက် ရဲစခန်းအနီးရှိ နေအိမ်ကို ပျူစောထီး ၃ ဦးက အမဲရောင် ခေါင်းစွပ်များဝတ်ဆင်၍ ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ငွေကျပ်သိန်း ၆၀၀ တန်ဖိုးရှိ ရွှေလက်ကောက် ၁၁ ကွင်းကို ယူဆောင်သွားကြောင်း သိရသည်။

ထို့ပြင် နေအိမ်အတွင်းရှိ တက္ကသိုလ် ဒုတိယနှစ် တက်ရောက်နေသော ကျောင်းသား ၁ ဦးကိုလည်း ပျူစောထီးများက ပါးစပ်ထဲ အဝတ်စများ ထိုးထည့်၍ ဝိုင်းဝန်းရိုက်နှက်ခဲ့ကာ အိမ်ထဲရှိ ပစ္စည်းများနှင့် တံခါးများကိုလည်း ရိုက်ချိုး ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“လက်ပံတန်းမြို့နယ် အနောက်ခြမ်း၊ ခမုံဆိပ်ကျေးရွာအုပ်စုထဲက ခမုံဆိပ်စျေးရပ်ကွက်အတွင်းမှာ ဧပြီ ၁၅ ရက်နေ့ ညနေပိုင်းက ဦးဌေးဝင်းနဲ့ဒေါ်သန်းဌေး တို့ နေအိမ်ကို ပျူစောထီး ၃ ဦးက မျက်နှာဖုံးတွေစွပ်ပြီး ဓားတွေနဲ့ ဓားပြဝင်တိုက်တာ သူတို့ အိမ်ထဲ ဓားပြဝင်တိုက်တဲ့ အချိန်မှာ အိမ်ရှင် တက္ကသိုလ် ကျောင်းသားလေးပဲရှိတော့ ကလေး ပါးစပ်ထဲကို အဝတ်တွေနဲ ဆို့ပြီး ထိုးကြိတ်သွားတာ ဆေးကုသမှုခံယူနေရတယ်။ ရွှေထည်လက်ကောက် ၁၁ ကွင်း ကာလတန်ဖိုး ငွေကျပ်သိန်း ၆၀၀ လောက်ကို ယူဆောင်သွားတယ်။ အိမ်ထဲက ပစ္စည်းတွေနဲ့ တံခါးတွေကိုလည်း ရိုက်ချိုးဖျက်ဆီးသွားတယ်။ လက်ပံတန်းမှာ ပျူစောထီးတွေ သောင်းကျန်းနေတာ တော်တော်ဆိုးနေပြီ ရဲစခန်းနဲ့ ဓားပြတိုက်ခံရတဲ့ အိမ်ကနီးတယ်။ ရဲတွေက ပျူစောထီးတွေ လုပ်တာသိတယ်။ မပြောရဲ မဖမ်းရဲဘဲ အမှုဖွင့်လည်း အရေးမယူရဲဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ခမုံဆိပ် ကျေးရွာအုပ်စုအတွင်း လောင်းကစားဝိုင်းများ၊ ဂျင်ဝိုင်း နှင့် ကြက်ဝိုင်းများကို ပွဲလမ်းသဘင်များနှင့်အတူ ၇ ရက်ဆက်တိုက်ပြုလုပ်နေကာ စစ်တပ်က လိုင်းကြေးယူ၍ ခွင့်ပြပေးထားခြင်းကြောင့် ဒုစရိုက်မှုများစွာ ထပ်မံ ဖြစ်ပွားလာမည်ကို ပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။

Previous article
Next article
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article