32 C
Yangon

ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ရေနံချက်စက်ရုံ၊ LNG ဆိပ်ကမ်းနှင့်စက်ရုံ၊ ကျောက်မီးသွေးဓာတ်အားစက်ရုံ တည်ဆောက်ရေး အကြမ်းဖက်စစ်တပ်နှင့် ရုရှား Inter RAO ဆွေးနွေးဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၁၈

တနင်္သာရီတိုင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနယ်မြေအတွင်း ရေနံချက်စက်ရုံ၊ LNG ဆိပ်ကမ်းနှင့် စက်ရုံများအပြင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရေးအတွက် အကြမ်းဖက်စစ်တပ်နှင့် ရုရှားနိုင်ငံအခြေစိုက် Inter RAO ကုမ္ပဏီတို့ ဆွေးနွေးလျက်ရှိကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၁၇ ရက်နေ့ အကြမ်းဖက်စစ်တပ်၏ စွမ်းအင်ဝန်ကြီး ကိုကိုလွင်က ရုရှားနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း Inter RAO ကုမ္ပဏီနှင့် တွေ့ဆုံ၍ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် အကောင်အထည်ဖော်မည့် အဆိုပါစီမံကိန်းကြီးများကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း လက်ရှိအသုံးပြုနေသည့် သဘာဝဓာတ်ငွေ့သုံး တာဘိုင်အင်ဂျင်များကို စွမ်းအားမြှင့်တင်ရန်၊ ပုံမှန်စစ်ဆေးထိန်းသိမ်းရန်နှင့် တာဘိုင်စက်ဆိုင်ရာ နည်းပညာများကို လက်တွေ့လေ့ကျင့်သင်ကြားပေးနိုင်မည့် အခြေအနေများကိုလည်း ညှိနှိုင်းခဲ့ကြသည်ဟု စစ်တပ်က သတင်းထုတ်ပြန်ထားသည်။

စစ်တပ်ကိုယ်စားလှယ်အဖွဲ့က ရုရှားစွမ်းအင်ဝန်ကြီးဌာန၏ စီမံပေးမှုဖြင့် ရုရှားအခြေစိုက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ပြီး ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည် (LNG)၊ ရေနံဓာတ်ငွေ့ရည် (LPG)၊ ဓာတ်မြေဩဇာ၊ ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့် တင်ပို့နိုင်ရေး၊ လမ်းခရီးလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ရေရှည်ထောက်ပံ့ပို့ဆောင်နိုင်ရေးအတွက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ၏ Investment Development Fund “RC Investments” တို့အကြား စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (Memorandum of Cooperation) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့အပြင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတစ်ရပ်လုံးတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကိုလည်း မကြာမီအချိန်အတွင်း ထပ်မံလက်မှတ်ရေးထိုးသွားရန် စီစဉ်ထားသည်ဟု သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article