ရန်ကုန်၊ ဧပြီ ၁၈
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးထားသူများကို ချက်ချင်း ခြွင်းချက်မရှိလွှတ်ရန် ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်-Volker Türk က တောင်းဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ချက်ချင်းနှင့် အကြွင်းမဲ့ ပြန်လွှတ်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က သူ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး စစ်တပ်အနေဖြင့် အကြမ်းဖက်မှုများကိုလည်း ရပ်တန့်ရန် တိုက်တွန်းထားသည်။
“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာသိမ်းပြီးကတည်းက မတရားဖမ်းဆီးခံထားရသူ အား လုံးကို ချက်ချင်းနဲ့ အကြွင်းမဲ့ လွှတ်ပေးဖို့ လိုအပ်ပါတယ်။ မြန်မာပြည်သူအားလုံးအပေါ် ကျူးလွန်နေတဲ့ မရပ်မနား အကြမ်း ဖက်မှုတွေကိုလည်း အဆုံးသတ်ရပါမယ်” ဟု ၎င်းက အလေးအနက် တိုက်တွန်းသည်။
လက်ရှိတွင် အသက် ၈၀ အရွယ်ရှိပြီဖြစ်သည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် သည် စစ်အုပ်စုက နိုင်ငံရေးအရ အကွက်ကျကျ ဖန်တီးထားသည့် ပုဒ်မများကြောင့် ထောင်ဒဏ် ၂၇ နှစ် ပြစ်ဒဏ် ကျခံနေရဆဲဖြစ်သည်။
စစ်တပ်၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တွင် သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာမှုအပေါ် လွှတ်ပေးသင့်သည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုထားသည်။
“အချိန်အတော်ကြာကတည်းက လွှတ်ပေးသင့်တဲ့ ဦးဝင်းမြင့်နဲ့ တခြားအကျဉ်းသားတွေ မတရားဖမ်းဆီးခံထားရရာက လွတ် မြောက်လာတဲ့အတွက် စိတ်သက်သာရာရမိပါတယ်” ဟု သူက ပြောဆိုသည်။
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ပြီးနောက် နိုင်ငံကို ပြည်တွင်းစစ်မီးတောက်အတွင်းသို့ တွန်းပို့ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီကို နိုင်ငံရေးအရ ဖယ်ထုတ်ရန်အတွက် ခေါင်းဆောင်များကို မတရားအကျဉ်းချထားခြင်းဖြင့် ပြည်သူ့ဆန္ဒကို ဆက်လက်မျက်ကွယ်ပြုထားဆဲဖြစ်သည်။
ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့များက စစ်အုပ်စု၏ ယခုလုပ်ရပ်မှာ နိုင်ငံတကာဖိအားများကို လျှော့ချရန်အတွက် နိုင်ငံရေးအရ အသုံးချသည့် ဟန်ပြလုပ်ရပ်သာဖြစ်ကြောင်း ဝေဖန်ထောက်ပြထားကြသည်။




