ရန်ကုန်၊ ဧပြီ ၁၉
နိုင်ငံတကာတွင် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် အတိုက်အခံရန်သူများကို ရှင်းပစ်ရလေ့ရှိသဖြင့် မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးဘဲ ရှင်းထုတ်ရန် ဘူးလက်လှဆွေက လှုံ့ဆော်ပြောဆိုလျက်ရှိသည်။
ဧပြီလ ၁၈ ရက်နေ့ လူမှုကွန်ရက်မှတစ်ဆင့် ဘူးလက်လှဆွေက ဗီဒီယိုထုတ်ပြန်၍ ယင်းကဲ့သို့ ပြောဆိုလာခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နာမည်မတပ်ဘဲ နိုင်ငံတကာပုံစံများအတိုင်း အတိုက်အခံရန်သူများကို ရှင်းထုတ်ရမည်ဖြစ်ကြောင်း ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတကာတွင်လည်း အတိုက်အခံများ ရှင်းထုတ်လေ့ရှိကြောင်း၊ ယင်းကဲ့သို့ ရှင်းထုတ်ခြင်းကြောင့် နိုင်ငံတော်တည်ငြိမ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ကြောင်း ဘူးလက်လှဆွေက ပြောဆိုသည်။
“ရုရှားမှာ သမ္မတ ပူတင်၊ စူပါပါဝါပေါ့။ သူရဲ့အတိုက်အခံခေါင်းဆောင် Alexei Navalny ဆိုတာ။ အဲဒီကောင်ကို သူက ထောင်ထဲမှာထည့်ထားပြီး တစ်နေ့ကျတော့ နိုင်ငံခြားသတင်းဌာနတစ်ခုနဲ့ အင်တာဗျူးလုပ်ခိုင်းတယ်။ နောက်နေ့ကျတော့ အဆိပ်မိပြီး သေသွားရော။ ပေါ်တင်ကြီးပဲ။ နောက်စူပါ ပါဝါ နိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ ရှီကျင့်ပင်။ သူရဲ့ အတိုက်အခံခေါင်းဆောင် ဘိုရှီးလိုင်- Bo Xilai အခုအချိန်အထိ အချုပ်ထဲမှာ။ ထောင်ထဲမှာ ထည့်ထားတယ်။ Bo Xilai ဘယ်တော့ လွတ်မလဲဆိုတော့ သမ္မတ ရှီကျင့်ပင် အာဏာစွန့်တဲ့အခါကျရင် လွတ်မှာပေါ့။ အဲဒီလို ယူဆရတယ်။ သမ္မတ ရှီကျင့်ပင် ဘယ်တော့ အာဏာစွန့်မလဲဆိုတော့ သူက အခြေခံဥပဒေကို ပြင်ပြီးတော့ အာဏာယူထားတာဆိုတော့ ခန့်မှန်းလို့မရဘူး။ အဲဒီတော့ Bo Xilai ကလည်း ထောင်ထဲမှာပဲ အရိုးထုတ်ရမယ့် သဘောရှိတယ်။ နောက် ဒီမိုကရေစီနိုင်ငံလို့ ပြောတဲ့ ဖိလစ်ပိုင်နိုင်ငံ၊ သမ္မတ ဖာဒီနာမားကို့ဂျူနီယာ။ သူရဲ့ အတိုက်အခံဖြစ်တဲ့ အရင်သမ္မတဟောင်း ဒူတာဒေးကို ဟောင်ကောင်က ပြန်လာတော့ လေဆိပ်မှာ ဖမ်းပြီးတော့ တစ်ခါတည်းနဲ့ ICJ ပို့ပစ်လိုက်တယ်။ သူဖမ်းပို့တာ။ ICJ မှာ တပ်မရှိဘူး။ ရဲလည်းမရှိဘူး။ သူကိုယ်တိုင် ဖမ်းပို့လိုက်တာ။ အဲဒီလို ရှင်းပစ်တာ။ ကမ္ဘောဒီးယားဆိုလို့ရှိရင် အတိုက်အခံခေါင်းဆောင် ဆမ်မရန်ဆီ ခမာမြေကို ခြေချလို့မရဘူး။ ဆန်မရန်ဆီရဲ့ တပည့် ပါလီမန်အမတ်ကို ဘန်ကောက်မှာ ရှင်းပစ်လိုက်တာ။ ဟွန်ဆင်ကတော့ သူလုပ်တာမဟုတ်ဘူးလို့တော့ ငြင်းတာပေါ့။ ကျနော်ပြောတာက နိုင်ငံအသီးသီးက သူတို့ ခေါင်းဆောင်တွေက သူတို့ တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ ဆက်လက်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ Sustainable Development ဖြစ်ဖို့ အဲဒါကို သူတို့က ဖြစ်နိုင်ခြေရှိတဲ့ Potential Enemy တွေကို တစ်ခါတည်းရှင်းထုတ်တာ။ အဲဒါ နိုင်ငံတည်ငြိမ်အေးချမ်းတယ်” ဟု ဘူးလက်လှဆွေက ပြောဆိုသည်။
လက်ရှိတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းမှာ ပြဿနာမရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါက အန္တရာယ်ရှိကြောင်း၊ ငါးပါးတင်မက သံဃာစင်ပါ မှောက်ခဲ့ပြီးပြီဖြစ်ကြောင်း၊ ဘူးလက်လှဆွေက သတိပေးပြောဆိုသည်။
“ကျနော်တို့ဆီက သမ္မတကြီးတွေ၊ ဦးသိန်းစိန်တို့၊ သမ္မတကြီး မင်းအောင်လှိုင်တို့က ဗိုလ်ချုပ်ကြီးတွေက လာတာဗျ။ စစ်သားကြီးတွေ။ စစ်ပွဲအလီလီနိုင် လာတဲ့ စစ်သားကြီးတွေ။ စိတ်ထားကျတော့ အရမ်းနူးညံ့တယ်၊ အရမ်းသဘောကောင်းတယ်။ အရမ်းကိုယ်ချင်းစာတယ်။ အရမ်းမေတ္တတရားထားတယ်။ သိပ် ပြီးတော့ လျှော့ပေါ့ပေးတာတော့ မကောင်းဘူး။ ကျွန်တော်တို့ လျှော့ပေါ့ပေးလို့ ငါးပါးတင်မကဘူး သံဃာစင်ပါ မှောက်ပြီးပြီ’။ အခုလွတ်လာတဲ့ ဦးဝင်းမြင့်တို့ ဦးဝင်းထိန်တို့ အဲဒါ အရေးမပါဘူး။ ရပါတယ်။ သူတို့ မြွေခေါင်းပြတ်လိုပဲ။ အဲဒီမြွေကို ခေါင်းမဆက်ဖို့ အရေးကြီးတယ်။ မြွေကို ခေါင်းဆက်မိရင် အဆိပ်ရှိတဲ့ မြွေဖြစ်သွားမယ်။ အဲဒါလေးကိုလာပြီးတော့ ကျနော် သတိပေးတာပါ” ဟု ဘူးလက်လှဆွေက ပြောဆိုသည်။
ဘူးလက်လှဆွေသည် ကြံ့ဖွတ်ပါတီ၏ ဗဟိုကော်မတီဝင်ဖြစ်ပြီး နေပြည်တော်ကောင်စီ နယ်မြေ ဥက္ကဋ္ဌ ဖြစ်ကာ ပုဗ္ဗသီရိမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံထားရသူလည်းဖြစ်သည်။




