ရန်ကုန်၊ ဧပြီ ၁၉
မကွေးတိုင်းဒေသတွင်းအခြေစိုက် ဒေသန္တရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Local People’s Defense Force – LPDF) များ ပူးပေါင်းပြီး မကွေးယူနစ်အစိုးရ၏ ဦးဆောင်မှုအောက်တွင် လက်တွဲညီညီ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
နွေဦးတော်လှန်ရေး ၅ နှစ်တာကာလ ကြာမြင့်ခဲ့ပြီးနောက် “ပြည်နယ်များ အားကောင်းရေးမှသည် တစ် နိုင်ငံလုံး အားကောင်းရေး” ဆိုသည့် ဖက်ဒရယ်မူဖြင့် မန္တလေးဒေသ၊ စစ်ကိုင်းဒေသနှင့် မကွေးဒေသတို့တွင် ဖက်ဒရယ်စနစ်၏ မျိုးစေ့ဖြစ်သော ဒေသအလိုက် ဖက်ဒရယ်ယူနစ်အစိုးရများ အသီးသီး ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်။ မကွေးတိုင်းအခြေစိုက် LPDF အဖွဲ့များအနေဖြင့် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုသစ် ပေါ်ထွန်းလာရေးအတွက် မကွေးယူနစ်အစိုးရအောက်တွင် အမိန့်နာခံမှုရှိစွာ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုထားကြသည်။
“မကွေးတိုင်းအတွင်းမှာရှိတဲ့ Local PDF တွေ စုဖွဲ့လိုက်တာပါ။ ယူနစ်အစိုးရနဲ့ လက်တွဲပြီး မကွေးတိုင်းထဲမှာရှိတဲ့ ပြည်သူလူထုအတွက် ကောင်းမွန်ပြီး တိကျသေချာတဲ့ တပ်တစ်ခုဖြစ်ဖို့ ပထမခြေလှမ်းပါ။ အပြောထက် လက်တွေ့ကျတဲ့ စနစ်ကျတဲ့ တပ်တစ်ခုဖြစ်ဖို့လည်း ရည်ရွယ်တာပါ” ဟု Earthquake PDF ရုံးအဖွဲ့မှူး စက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မကွေးယူနစ်အစိုးရအနေဖြင့်လည်း LPDF များအား မိမိတို့အစိုးရ၏ လမ်းညွှန်မှုအောက်တွင် သန္ဓေထိုင်တပ်များအဖြစ် အမြန်ဆုံး အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း ထပ်လောင်း ပြောဆိုထားသည်။
ထို့ပြင် မကွေးတိုင်းအတွင်းရှိ အခြားသော LPDF ညီနောင်အဖွဲ့များအနေဖြင့်လည်း ၎င်းတို့နှင့်အတူ ပူးပေါင်းပြီး မကွေးယူနစ်အစိုးရ၏ ဦးဆောင်မှုအောက်တွင် လက်တွဲညီညီဖြင့် အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားကြရန်၊ စည်းလုံးသော အင်အားစုတစ်ရပ်အဖြစ် တည်ဆောင်ကြရန်နှင့် ညီညွတ်သော အဖွဲ့အစည်း ပေါ်ထွန်းလာရန် ကြံ့ကြံ့ခိုင်သော စိတ်ထားများဖြင့် ရှေ့ဆက်ကြပါရန် တိုက်တွန်းထားသည်။
အဆိုပါ ပူးတွဲထုတ်ပြန်သော အဖွဲ့အစည်းများမှာ SOUTHERN YESAGYO PDF၊ ပခုက္ကူခရိုင် Local တပ်ရင်း (PDLB)၊ Earthquake People’s Defense Force၊ Six Senses Guerrilla Force၊ Justice Revolution Force၊ Thurain TR၊ Pakokku Red fighter Force၊ 21 Bagan People Defense Force၊ Kamma Underground People Defense Force၊ စကြာဒေသကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းရင်သွေးပြောက်ကြားတပ်ဖွဲ့၊ Joker ပြောက်ကြားတပ်ဖွဲ့၊ TYK ပြောက်ကြားတပ်ဖွဲ့၊ Ghost of Enemies-GOE Revolution၊ Bad assess Burma Force၊ Good Brothers People’s Liberation Force၊ Myaing UAV Fighter Drone၊ Bo Sakar Guerrilla Force၊ Northern Pauk Revolution Front (NPRF) နှင့် Myaing Air Fighter People’s Defense Force တို့ဖြစ်ကြောင်း သိရသည်။
၁၁ ကြိမ်မြောက် မကွေးလွှတ်တော် အစည်းအဝေးမှ ပေါ်ထွန်းလာသော မကွေးဖက်ဒရယ်ယူနစ်အစိုးရအား LPDF အဖွဲ့များမှ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါကြောင်းနှင့် ယင်းတပ်ဖွဲ့များသည် စစ်အာဏာသိမ်းချိန်မှစ၍ တူမီး၊ တစ်တောင့်ထိုး စသည့် ရရာလက်နက်များဖြင့် အသက်ခန္ဓာ ပေးဆပ်ကာ ယနေ့အထိ တိုက်ပွဲဝင်လျက်ရှိကြောင်း အသိပေးထားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်သည် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်ဖြစ်ကြောင်း မကွေးတိုင်းအတွင်းရှိ LPDF တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။




