31 C
Yangon

နတ်မောက်မြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက် ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ ဧပြီ ၁၉

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်အချိန် အင်အား ၂၀၀ ခန့်ပါသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျီးကန်ရွာမှ ထွက်ခွာလာစဉ် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း၊ ထို့ကြောင့် စစ်တပ်မှာ ကျီးကန်ရွာသို့ ပြန်လည် ဆုတ်ခွာသွားပြီး ရွာထဲရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကြောင်းက ကျီးကန်ကျေးရွာအရှေ့ဘက်မှ ထွက်ခွာရန် ပြင်ဆင်နေစဉ် မွန်းလွဲ ၁၂ နာရီ ၂၆ မိနစ်ခန့် မိုင်းများဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှာ ထပ်မံ အထိနာပြီး ရွာထဲသို့ ထပ်မံဆုတ်ခွာသွားကြောင်း၊ ထိုသို့တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦး နေရာတင် ပွဲချင်းပြီးသေဆုံးပြီး ၁၀ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

မိုင်းထိသွားသော စစ်သားများ စီးနင်းလာသော ဆိုင်ကယ် ၁၀ စီးမှာလည်း မိုင်းကွင်းအတွင်း ပျက်စီးကာ ကျန်ရစ်ခဲ့ပြီး ရုံးပင်ကွက်ရွာ၊ ကန်ဦးကုန်းရွာနှင့် ကျီးကန်ရွာများရှိ ပြည်သူပိုင်နေအိမ် ၃၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ်က ပြည်သူပိုင်ကား၊ ဆိုင်ကယ်နှင့် ပစ္စည်းများကိုလည်း အတင်းဓမ္မလုယက်ယူဆောင်သွားခဲ့‌ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်း ထပ်တိုး သေးဆုံးတာမျိုး ‌ပြင်းထန်ဒဏ်ရာရရှိသူများတာကြောင့် ထပ်မံသေဆုံးနိုင်တာမျိုးတော့ရှိပါတယ်။ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး သတင်းရရှိတာမျိုးတော့မရှိသေးဘူး။ လက် နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုး မရှိပါဘူး။ တစ်ရက်ထဲကို ၂ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာက ၈လုံးနဲ့ စစ်ခွေး စစ်ကြောင်းက မနေ့ကတော့ ညောင်ကုန်းဘက်ကိုဆုတ်သွားတာ၊ စစ်ကြောင်းကဆုတ်ခွာသွားပြီဆိုပေမယ့် စစ်ကြောင်းရဲ့ ရည်မှန်းချက်ကို မရောက်တာဖြစ်တဲ့အတွက် ပြန်လည်ဝင်ရောက်လာနိုင်သေးလို့ ပြည်သူများအထူးသတိထားကြပါရန်”ဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါစစ်ကြောင်းသည် နတ်မောက်-ရမည်းသင်း မြို့နယ် အစပ်တွင် မိုင်း ၉ ကွင်းဖြင့် တိုက်ခိုက်ခံခဲ့ရသော စစ်ကြောင်းဖြစ်ကြောင်း၊ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော စစ်ကြောင်းကို မြေပြင်တွင် အမြဲမပြတ် စောင့်ကြည့်တိုက်ခိုက်နေပြီး ပြည်သူများအနေဖြင့် စစ်တပ် လှုပ်ရှားမှုကို သတိပြုကြပါရန်နှင့် “မိုင်းနှင့်မမ” ကမ်ပိန်းတွင် ဆက်လက်အားဖြည့်ပေးကြရန် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်က အသိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ- စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article