30.2 C
Yangon

ရေစကြိုမြို့ပေါ်တွင် စစ်တပ်က အသက် ၁၇ နှစ်ရွယ် မောင်ဟိန်းထက်ဇော်ကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး ရုပ်အလောင်းကို ချင်းတွင်းမြစ်ထဲ စွန့်ပစ်ခဲ့

Must read

ရန်ကုန်၊ ဧပြီ ၁၉

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က အသက် ၁၇ နှစ်ရွယ် မောင်ဟိန်းထက်ဇော်ကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး ရုပ်အလောင်းကို ချင်းတွင်းမြစ်ထဲ စွန့်ပစ်ခဲ့ကြောင်း Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ကျောမကြားကျေးရွာ၌ နေထိုင်သော အသက် ၁၇ နှစ်ရွယ် မောင်ဟိန်းထက်ဇော်သည် ရွှေဂူကြီးရှေ့ရှိ ရေကစားမဏ္ဍပ်တွင် သွားရောက် ရေကစားနေစဉ် အကြမ်းဖက် စစ်သားများက ရန်ဖြစ်သည်ဟုဆိုကာ ဝိုင်းဝန်းရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထို့သို့ အကြမ်းဖက် စစ်သားများ ဖမ်းဆီးသွားသည့် သတင်းကို မိသားစုဝင်များက သိရှိပြီးနောက် ရေစကြိုမြို့ပေါ်သို့ သွားရောက် စုံစမ်းစဉ် စစ်သား၊ ရဲနှင့် ပျူစောထီးများက ဆဲဆိုနှင်ထုတ်ပြီး ဖမ်းဆီးထားခြင်းမရှိဟု ပြောဆိုခဲ့ကြောင်း၊ ဧပြီလ ၁၆ ရက်နေ့ (သင်္ကြန်အတက်နေ့)တွင် ဒေသပြည်သူများက ချင်းတွင်းမြစ်အတွင်း ဒဏ်ရာ၊ ဒဏ်ချက်များစွာဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ရုပ်အလောင်း တစ်လောင်းကိုတွေ့ရှိခဲ့ပြီး မောင်ဟိန်းထက်ဇော်၏ ရုပ်အလောင်းဖြစ်နေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သော မောင်ဟိန်းထက်ဇော်၏ ရုပ်အလောင်းကို ဧပြီလ ၁၇ ရက်နေ့တွင် သဂြိုလ်ခဲ့ပြီး ရွာလုံးကျွတ် လိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

“ရုပ်အလောင်းက ဒဏ်ရာတွေ တော်တော်များတယ်။ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာ တစ်ရွာလုံး ယူကျုံးမရနဲ့ စိတ်မကောင်း ဖြစ်ကြတာ မိဘတွေဆိုပိုဆိုးတာပေါ့။ အဲ့ကလေးက ပြင်ဦးလွင်က မုန့်ဆိုင်တစ်ခုမှာ အလုပ်လုပ်ပြီး မိဘကို လုပ်ကျွေးနေတာ သင်္ကြန်ရက်မို့ ရွာကို ခဏပြန်လာတုန်း စစ်ခွေးတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံလိုက်ရတာ သူက လူချစ်လူခင်လည်းပေါတယ်။ ၁၇ ရက်နေ့မှာပဲ ရုပ်အလောင်းကို သဂြိုလ်လိုက်တယ်လို့ သိရတယ်” ဟု Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့)ကလည်း ရေစကြိုမြို့နယ်၊ ရွာသစ်ကျေးရွာမှ အသက် ၁၈ နှစ် လူငယ် ၁ ဦးသည် ရေစကြိုမြို့ပေါ်သို့ သွားရောက် ရေကစားရန် ထွက်လာစဉ် အမှတ် ၇ ရပ်ကွက် ရွာသစ်တောရိုးနှင့် နှစ်ထောင်ပြည့် အနီးတွင် အကြမ်း ဖက် စစ်တပ်ကင်းပုန်းက ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article