35 C
Yangon

ပေါက်မြို့နယ်တွင် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာများသို့ စစ်ကြောင်းထိုးနေ၍ ပြည်သူထောင်ချီ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဧပြီ ၂၀

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဇိုး LDF ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်း ဆိပ်ဖြူ ကပစ ၂၂ မှ အင်အား ၂၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပေါက်မြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းပိုင်းအနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး သပြေရေကျေးရွာအနီးတွင် ကလေးငယ်များအပါအဝင် ပြည်သူ ၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ ဆိုင်ကယ် ၇ စီးနှင့် ကား ၂ စီးကိုလည်း လုယက်ခိုးယူ သွားကြောင်း သိရှိရသည်။

လက်ရှိအချိန် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ပုသိမ်-မုံရွာ ကားလမ်းတစ်လျှောက်ရှိ သပြေရေရွာ၊ ချက်ကန်ရွာ၊ ဝက်လဲရိုးရွာ (အထက်စု၊ အလယ်စု) အပါအဝင် ကျေးရွာ ၅ ခုမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ဆိပ်ဖြူ ကပစ-၂၂ ကနေ မနေ့ မနက်မှ ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းက ပေါက်နယ်ဘက်ကို စစ်ကြောင်းထိုးဝင်နေတယ်။ ကလေးတွေရော အမျိုးသား အမျိုးသမီးတွေရော ပြည်သူ ၇ ဦးကိုလည်း ဖမ်းဆီးသွားတယ်။ ဆိုင်ကယ် ၇ စီး၊ ကား ၂ စီး ခိုးယူသွားတယ်။ ဖမ်းခံရတဲ့ ပြည်သူတွေက သပြေရေရွာ အနီးနား တောတိုက်ကပါ။ သပြေရေ၊ ချက်ကန်၊ ဝက်လဲရိုး (အထက်စု၊ အလယ်စု) အပါအဝင် ကျေးရွာ ၅ ခုက ထောင်နဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်ရတယ်။ အခုလက်ရှိမှာ စစ်ခွေးစစ်ကြောင်းက ချက်ကန်ရွာကို ရောက်နေတယ်။ အခုချိန်မှာ ပြည်သူတွေအနေနဲ့က စစ်ခွေးစစ်ကြောင်းနဲ့ လွတ်ကင်းအောင် တိမ်းရှောင်ဖို့ရယ် မပေါ့ဆဘဲ စစ်ရေးအသိသတိ ရှိကြဖို့ ပြောချင်ပါတယ်” ဟု ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဇိုး LDF ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုကျားဇိုးက ပြောဆိုသည်။

ထိုစစ်ကြောင်းသည် လက်ရှိချိန်တွင် ပေါက်မြို့နယ်အတွင်းရှိ ချက်ကန်ကျေးရွာကို ရောက်ရှိနေပြီး ပုသိမ်-မုံရွာ ကားလမ်းအတိုင်း ဆက်လက် စစ်ကြောင်းထိုးလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက် ထားရေးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်တပ်၏ စစ်ကြောင်းထိုးလာမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော အညာဒေသမှ ပြည်သူများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article