ရန်ကုန်၊ ဧပြီ ၂၀
မကွေးတိုင်းအတွင်းရှိ နတ်မောက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ပျူစောထီးကျေးရွာတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခြင်းနှင့် လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသတော်လှန်ရေးတပ်များ၏ ပြောဆိုချက်အရ သိရှိရသည်။
ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် နတ်မောက်မြို့နယ်၊ သမုန်းကုန်းကြီးကျေးရွာရှိ နေအိမ်များနှင့် ဝက်ခြံ များကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာသည့် အင်အား ၁၂၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ထနောင်းကုန်းကျေးရွာနှင့် သရက်ချောင်းကျေးရွာအကြားတွင် လက် နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်က “ဒီနေ့က သမုန်းကုန်းကျေးရွာမှာ အိမ်တွေကို မီးရှို့၊ ဝက်ခြံတွေ မီးရှို့ဖျက်ဆီးပြီး သရက်ချောင်းဘက်ကို ပြန်ဆုတ်သွားတဲ့ စစ်ကြောင်းပါ။ စစ်ကြောင်းပြန်တဲ့ လမ်းကြောင်းမှာ ကျွန်တော်တို့ လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်သားတွေဘက်ကတော့ ထိခိုက်သေဆုံးမှုရှိနိုင်တယ်၊ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါတယ်။”ဟု ပြောဆိုသည်။
အဆိုပါစစ်ကြောင်းတွင် တောင်တွင်းကြီး ကပစ (၁၇)၊ ရွာမွန်တပ်နှင့် ပိတောက်ကုန်းကျေးရွာမှ ပျူစောထီးများ ပူးပေါင်းပါဝင်ပြီး လက်ရှိတွင် သရက်ချောင်းနှင့် ကံလှကျေးရွာများအတွင်းသို့ ရောက်ရှိနေကြောင်း သိရသည်။
အလားတူ မြိုင်မြို့နယ်ရှိ ကန်နီပျူစောထီးကျေးရွာကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဧပြီလ ၁၄ ရက်မှ ၁၇ ရက်နေ့အထိ ၄ ရက်ဆက်တိုက် လက်နက်ကြီးများနှင့် ဒရုန်းများအသုံးပြုကာ တိုက်ခိုက်ခဲ့သည်။
MPL People’s Defense Force မှ တာဝန်ရှိသူတစ်ဦးက “သူတို့က ဘောက်ဖွင့်ပြီး ကနေကြတာဗျ။ ညဆိုလည်း ဇာတ်ခုံနဲ့ သီချင်းဆို ကခုန်နေကြတာ။ အဲဒီလိုအချိန်မှာ ကျွန်တော်တို့ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်သားသေဆုံးစာရင်းကတော့ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။”ဟု ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုများကို MPL မြောက်ပိုင်းဇုံ (မြိုင် ပကဖ)၊ မန်ကျည်းရိပ် ပကဖ၊ သပြေတော ပကဖ၊ အညာမုန်တိုင်းနှင့် မြိုင်ညီညွတ်ရေးတပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။




