30 C
Yangon

တပ်ချုပ်အသစ် ရဲဝင်းဦးက လေတပ်ဦးစီးချုပ်အသစ်အဖြစ် ဗိုလ်ချုပ်ကြီးထွန်းဝင်းကို ခန့်အပ်ပြီး တိုင်းမှူး၊ တပ်မမှူး အများအပြားကိုလည်း အပြောင်းအလဲလုပ်

Must read

ရန်ကုန်၊ ဧပြီ ၂၁

အကြမ်းဖက်စစ်တပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်ဖြစ်လာသူ ရဲဝင်းဦးက ၎င်း၏ လက် ထက်တွင် ပထမဆုံးအကြိမ်အဖြစ် စစ်ဘက်ဆိုင်ရာ ထိပ်တန်းရာထူးများကို အကြီးစားအပြောင်းအလဲများ စတင်လုပ်ဆောင်လာကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်ထံမှ သိရှိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အရပ်ဝတ်ပြောင်းလဲ၍ အတုအယောင်သမ္မတအဖြစ် တာဝန်ယူပြီးနောက် ယခင်လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်မှာ ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။

၎င်း၏နေရာတွင် စစ်တက္ကသိုလ် အပတ်စဉ် ၃၄ ကျောင်းဆင်း ဗိုလ်ချုပ်ကြီးထွန်းဝင်းကို လေတပ်ဦးစီးချုပ်အသစ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ယခုအပြောင်းအလဲတွင် ကရင်နီပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ စစ်ရေးအတွေ့အကြုံရှိသူများကို ဦးစားပေးနေရာချထားသည်ကို တွေ့ရသည်။

အဓိက အပြောင်းအလဲများမှာ အနောက်တောင်တိုင်းစစ်ဌာနချုပ် (ပုသိမ်)၏ တိုင်းမှူးအသစ်အဖြစ် ဒကစ(လွိုင်ကော်) မှ ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်ကို ခန့်အပ်ကြောင်း သိရှိရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရခိုင်)တိုင်းမှူးအသစ်အဖြစ် စကခ (၇) မှ စစ်ဆင်ရေးကွပ်ကဲရေးမှူးကို ခန့်အပ်လိုက်ကြောင်း၊ နတခ တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်ကို တောင်ပိုင်းတိုင်းသို့ ပြောင်းရွှေ့လိုက်ကြောင်း သိရှိရသည်။

တောင်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ် သူရဇော်လွင်စိုးကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် (မော်လမြိုင်)အဖြစ် ပြောင်းရွှေ့ခန့်အပ်သည်။ ဗိုလ်မှူးချုပ် မြင့်သူနိုင်ကို ဒုတိယစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (ပြည်တွင်း) အဖြစ် ရာထူးတိုးပေးခဲ့သည်။

“အပြောင်းအလဲတွေထဲမှာ ထူးခြားတာက ဒကစ (လွိုင်ကော်) မှာ အတိုက်ခံနေရတုန်းက ပေကပ်နေခဲ့တဲ့ ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်ကို တိုင်းမှူး တိုက်ရိုက်ပေးလိုက်တာပဲ။ သူက ရခိုင်အကြောင်းလည်း သိတဲ့သူဆိုတော့ ရခိုင်နဲ့ ဆက်စပ်နေတဲ့ ပုသိမ်ဂွင်မှာ အာရက္ခတပ်တော် (AA) နဲ့ တိုက်ဖို့ စစ်ကစားလာတဲ့သဘောပဲ။ တောင်ပိုင်းတိုင်းမှူး သူရဇော်လွင်စိုးကို အရှေ့တောင်တိုင်း (ကရင်ဂွင်) ပို့တာကတော့ စစ်ရေးထက် တွေ့ဆုံဆွေးနွေးရေးဘက်ကို ပိုအားသာနိုင်တယ်။ ဘာလို့လဲဆိုတော့ သူက ကရင်ကပြား ဖြစ်နေလို့ပဲ။”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

တပ်ချုပ်ရဲဝင်းဦးသည် ၎င်းစိတ်ကြိုက်လူများကို စတင်နေရာချလာခြင်းဖြစ်ပြီး ယခုပြောင်းလဲလာသူများထဲတွင် နောင်တပ်ချုပ်အသစ်ဖြစ်လာမည့်သူများ ပါဝင်နေနိုင်ကြောင်းလည်း ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

အလားတူ အခြားအပြောင်းအလဲများအနေဖြင့် တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးချုပ် ဝေလင်းအောင်ကို ဒကစ (လွိုင်ကော်)မှူးအဖြစ် လည်းကောင်း၊ တပ်မ (၅၅) ဌာနချုပ်မှူးအဖြစ် ဗိုလ်မှူးကြီး စိန်မင်းထွန်းကိုလည်းကောင်း ခန့်အပ်ခဲ့သည်။

ထို့ပြင် စကခ (၂)၊ (၆)၊ (၇)၊ (၈)၊ (၁၄) နှင့် (၁၈) တို့တွင်လည်း ကွပ်ကဲရေးမှူးအသစ်များကို အသီးသီး အစားထိုးလဲလှယ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လေတပ်ဦးစီးချုပ်ဖြစ်လာသော ဗိုလ်ချုပ်ကြီး ထွန်းဝင်း။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article