ရန်ကုန်၊ ဧပြီ ၂၂
အကြမ်းဖက်စစ်တပ်၏ လေတပ် ကာကွယ်ရေးဦးစီးချုပ် အသစ်အဖြစ် ဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ခန့်အပ်ခြင်း၊ စစ်ဆင်ရေး ကိစ္စများ အပါအဝင် စစ်တပ်၏ စီမံခန့်ခွဲရေးကိစ္စများကို မင်းအောင်လှိုင်က ဆက်လက်ချုပ်ကိုင်ထားပြီး ရဲဝင်းဦးက မင်းအောင်လှိုင်ထံ တင်ပြခွင့်ပြုချက်ယူနေရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ယခင်လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်မှာ ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့ပြီးနောက် လစ်လပ်သွားသော လေတပ်ဦးစီးချုပ်နေရာအတွက် ဗိုလ်ချုပ်ကြီး ထွန်းဝင်းကို မင်းအောင်လှိုင်ကပင် ရွေးချယ်ပေးခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြီးထွန်းဝင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၄ ကျောင်းဆင်း ဖြစ်ပြီး လေတပ်ဦးစီးချုပ်အဖြစ် မခန့်အပ်မီ မင်းအောင်လှိုင်က ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
“လေတပ်ချုပ်ခန့်တာက ဗိုလ်ချုပ်မှူးကြီး(မင်းအောင်လှိုင်)ကပဲ ခန့်တာ။ ဒုဗိုလ်ချုပ်ကြီးထွန်းဝင်းကို လက်ရှိတပ်ချုပ်အသစ်က လက်မှတ်ထိုးပြီး အတည်ပြုပေးရတာ။ ဗိုလ်ချုပ်မှူးကြီးပဲ ခန့်တာ။ နောက် တစ်ခုကတော့ တပ်မတော်ကိစ္စတွေ လက်ရှိ တပ်ချုပ်အသစ်က ဗိုလ်ချုပ်မှူးကြီးဆီကို အပတ် စဉ် သွားပြီးတင်ပြရတယ်။ စစ်ဆင်ရေး၊ တပ်မတော် ရေးရာ ကိစ္စတွေ အကုန် တင်ပြတယ်။ တပ်ချုပ်နဲ့ ဒုတပ်ချုပ် နှစ်ဦးစလုံး အိမ်တော်(သမ္မတအိမ်တော်)မှာ သွားပြီး အစီရင်ခံရတာ”ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်က မတ်လ ၃၀ ရက်နေ့တွင် စစ်တပ် ဦးစီးချုပ်အသစ်အဖြစ် ၎င်း၏ လူယုံ ရဲဝင်းဦးကို လွှဲပြောင်းပေးအပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ တပ်မတော်ရေးရာကိစ္စများကို မင်းအောင်လှိုင်က စီမံခန့်ခွဲ ချုပ်ကိုင်ထားဆဲဖြစ်ကြောင်း၊ အထူးသဖြင့် နယ်မြေသိမ်းဆည်းရေး ထိုးစစ်ဆင် ရေးကိစ္စများကို မင်းအောင်လှိုင်ကသာ ဆက်လက် ဆုံးဖြတ် လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရှိရသည်။
“သိရသလောက်တော့ ထိုးစစ်ဆင်တဲ့ကိစ္စတွေမှာ ဗိုလ်ချုပ်မှူးကြီးက အကုန်ပါနေတုန်းပဲ။ တပ်ချုပ်သစ်ကလည်း စစ်ဆင်ရေးကိစ္စတွေ ဘာတွေလုပ်နေတယ်။ ဘယ်လို တိုးတက်မှုရှိတယ်ဆိုတာ အကုန်တင်ပြနေရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
အခြားတစ်ဖက်တွင်လည်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးတွင်လည်း မင်းအောင်လှိုင်က ရဲဝင်းဦးကို တပ်ပိုင်းဆိုင်ရာနှင့် ထိုးစစ်ကိစ္စများကို အသေးစိတ် ညွှန် ကြားချက်များပေးကြောင်း သိရှိရသည်။




