ရန်ကုန်၊ ဧပြီ ၂၂
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် KTLA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးနှင့် KNLA တပ်ရင်း ၁၂ မှ ရဲဘော် ၄ ဦးကျဆုံးခဲ့ကြောင်း KNU မြိတ်-ထားဝယ် ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။
ဧပြီလ ၂၂ ရက်နေ့ နံနက် ၄ နာရီခန့်တွင် သရက်ချောင်းမြို့နယ်၊ သမီးပေါ်သော(ဟင်းကပိ) ကျေးရွာအတွင်းတွင် လုံခြုံရေး ယူနေသော KNLA တပ်ရင်း ၁၂ မှ ရဲဘော်များကို စောအယ်ခွီး (ခ) ကောလားဖိုး ဦးဆောင်သော ကော်သူးလေအာမီ (KTLA) အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း KNLA တပ်ရင်း ၁၂ မှ တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးပြီး ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း KNU မြိတ်-ထားဝယ် ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက ဖော်ပြထားသည်။
အလားတူ မတ်လ ၄ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်တွင် ဗိုလ်စောအယ်ခွီး (ခ) ကောလားဖိုး ဦးဆောင်သော KTLA အဖွဲ့က သမီးပေါ်သောကျေးရွာနှင့် ကနဲဃော(ပျားသားချောင်း) ကျေးရွာအကြားတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၄)၊ တပ်ရင်း ၁၂ မှ ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုသည် KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင်များက အကြမ်းဖက်စစ်တပ်နှင့် စစ်ရေးဖော်ဆောင်နေ၍ စစ်အင်အားဖြည့်ရန် သွားရောက်စဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။




