ရန်ကုန်၊ ဧပြီ ၂၂
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကိုင်းတွင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ်က ကိုင်းတွင်းကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူပိုင် ပစ္စည်များကို လုယှက်ခိုးယူကာ နေအိမ်များကို စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုအကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်သည် ယင်းနေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် ကိုင်းတွင်းကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် အင်မထီးပျူစောထီးရွာအတွင်းကို ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။
“အင်မထီးရွာကနေ ထွက်လာတဲ့ စစ်ခွေးတွေက နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်လောက်က ကိုင်းတွင်းရွာကို စတင်မီးရှို့တာပါ။ နေအိမ်ပျက်စီးဆုံးရှုံးမှုကတော့ များတယ်။ နေက ပူတော့ မီးအပူနဲ့ ညှိမ်းသက်ဖို့ဆိုတာကလည်း မလွယ်ကူဘူး။ အိမ်ခြေပျတ်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ စီစစ်နေဆဲပါ။ ပစ္စည်းတွေကတော့ မီးမရှို့ခင် ခိုးယူသွားတာမျိုးရှိတယ်လို့သိရပြီး ပြည်သူတွေ ဖမ်းဆီးတာမျိုတော့မရှိဘူးလို့ သိရပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အလားတူ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအနီးရှိ နဘုလယ်တိုက်နယ်အတွင်းကို အကြမ်းဖက် စစ်တပ်က ဆက်လက် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၃ ခုမှ ပြည်သူများဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့မှ စတင်ကာ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် အင်အား ၁၀၀ ကျော်ဖြင့် နဘုလယ်တိုက်နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း၊ ဧပြီလ ၂၁ ရက်နေ့တွင် ၎င်းတို့ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသော ပြည်သူ ၂၀ ကျော်မှာ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သော်လည်း စစ်တပ် စစ်ကြောင်း ပြန်လည်ဆုတ်ခွာခြင်းမရှိသေးဘဲ နဘုလယ်တိုက်နယ်အတွင်းရှိ ကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် နဘုလယ်တိုက်နယ်အတွင်းရှိ လဲရှောင်ရွာ၊ ပရဒတ်ရွာနှင့် ထိန်ကြီးရွာ စသည့် ကျေးရွာ ၃ ရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“မနေ့က စစ်ခွေး စစ်ကြောင်းက မင်္ဂလာဆောင်နဲ့ လမ်းတစ်လျှောက်ကနေ ဖမ်းဆီးသွားတဲ့ ပြည်သူ ၂၀ ကျော် ပြန်လွတ်လာတယ်လို့ ကြားတယ်။လက်ရှိမှာ စစ်ခွေး စစ်ကြောင်းကတော့ အင်းအား ၁၀၀ ကျော်နဲ့ စစ်ကြောင်းပြန်ဆုတ်တာမျိုး မရှိဘဲ နဘုလယ်တိုက်နယ်ထဲမှာပဲ ဆက်ပြီး စစ်ကြောင်းထိုးနေသေးတယ်။ လက်ရှိမှာ နဘုလယ်တိုက်နယ်ထဲက လဲရှောင်ရွာ၊ ပရဒတ်ရွာ၊ ထိန်ကြီးရွာ စတဲ့ ၃ ရွာက ပြည်သူ ရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်။ တစ်ရွာကို ပြည်သူ သုံးပုံနှစ်ပုံကတော့ ရှောင်နေရတယ်။ ရွာတွေထဲက နေအိမ်တွေကို မီးရှို့တာတော့ မရှိသေးဘူး။ နေအိမ်တွေက ပစ္စည်းတွေ ခိုးယူတာတွေတော့ရှိနိုင်တယ်။ ပြည်သူတွေ ထပ်ပြီးဖမ်းဆီးမျိုးတော့ မကြားသေးပေမယ့် စစ်ကြောင်းထိုးရာတစ်လျှောက်မှာတော့ တွေ့ရင်တွေ့သလို ပြည်သူတွေကို ဖမ်းချင်ဖမ်းနိုင်သေးတယ်” ဟုဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း မရှိသော်လည်း ပြည်သူပိုင်ပစ္စည်းများနှင့် ကြက်၊ ဝက်များကို ခိုးယူ သတ်ဖြတ် စားသောက်နေပြီး စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် ပြည်သူများကို ထပ်မံဖမ်းဆီးနိုင်ခြေရှိသောကြောင့် ပြည်သူများ စစ်ရေးအသိရှိကြရန် ဒေသတော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်။
ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က စစ်ကုန်းရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂ ဦးကို ရိုက်နှက် ဖမ်းဆီးသွားကြောင်း ဒေသပြည်သများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
ဧပြီလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မတ္တရာမြို့နယ်၊ စစ်ကုန်းရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂ ဦးကို ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသော ပြည်သူ ၂ ဦးကို မည်သည့် နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
မတ္တရာမြို့နယ်အတွင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာနေ လူငယ်များကို နေအိမ်ထဲထိပါ ဝင်ရောက် ရိုက်နှက်၍ စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာခြင်းများရှိကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)




