ရန်ကုန်၊ ဧပြီ ၂၂
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂) မှ အကြမ်းဖက်စစ်ကောင်စီတပ်၏ ရိက္ခာပို့စစ်ကြောင်းများ ထပ်မံထွက်ခွာလာသောကြောင့် ပုသိမ်-မုံရွာလမ်းနှင့် ဆိပ်ဖြူ-ပေါက်လမ်းပိုင်းများကို တော်လှန်ရေးတပ်ဖွဲ့များက စစ်ရေးအရ ယာယီပိတ်ထားလိုက်ကြောင်း သိရသည်။
ယနေ့ ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ကပစ ၂၂ မှ အင်အား ၃၀၀ ခန့်နှင့် မော်တော်ယာဉ် အစီးရေ ၅၀ ကျော်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းသည် ပုသိမ်-မုံရွာ လမ်းပိုင်းအတိုင်း စတင်ထွက်ခွာလာခြင်းဖြစ်သည်။ ၎င်းစစ်ကြောင်းသည် ပေါက်မြို့ပေါ်၊ ကုက္ကိုစုပျူစောထီးရွာနှင့် ရေပြာရွာရဲစခန်းတို့သို့ ရိက္ခာပို့ဆောင်ရန် ရည်ရွယ်ထားကြောင်း ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဇိုး LDF ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကောင်စီစစ်ကြောင်း ထွက်ခွာလာမှုကြောင့် စစ်ရေးတင်းမာနေပြီး တော်လှန်ရေးတပ်ဖွဲ့များက
ပုသိမ်-မုံရွာ လမ်းပိုင်း: ဆိပ်ဖြူ ကပစ ၂၂ မှ ဘုရားတောင်ကျေးရွာအထိ၊ဆိပ်ဖြူ-ပေါက် လမ်းပိုင်း: ဆိပ်ဖြူ ကပစ ၂၂ မှ ပေါက်မြို့အထိ ယာယီပိတ်ထားကြောင်း သိရှိရသည်။
လမ်းဘေးဝဲယာ တစ်မိုင်ပတ်လည်အတွင်းသည် စစ်ရေးပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် အသွားအလာ မပြုလုပ်ကြရန်နှင့် မဖြစ်မနေသွားလာရပါက နယ်မြေခံအဖွဲ့အစည်းများထံ ခွင့်ပြုချက်ရယူပြီးမှသာ သွားလာကြရန် နှိုးဆော်ထားပါသည်။
အဆိုပါစစ်ကြောင်းသည် ဧပြီလ ၁၉ ရက်နေ့ကလည်း ပေါက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးခဲ့ပြီး ဧပြီလ ၂၀ ရက်နေ့တွင် ကပစ ၂၂ သို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။ ထိုသို့ဝင်ရောက်စဉ်အတွင်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် ပြည်သူ ၇ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ၎င်းတို့၏လက်ကိုင်ဖုန်းများကို သိမ်းဆည်းကာ ဖုန်းအတွင်းရှိ ငွေကျပ်သိန်း ၁၀၀ ကျော်ကို လုယက်ခိုးယူသွားခဲ့ကြောင်း သိရှိရပါသည်။
“ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ ဆိတ်ဖြူ-ပေါက်လမ်းပိုင်းတွေကို အသွားအလာမပြုလုပ်ဖို့ ယာယီပိတ်ထားတယ်။ မဖြစ်မနေသွားမည်ဆိုရင် နယ်မြေခံအဖွဲ့အစီးကို အကြောင်းကြားပြီးမှ သွားလာဖို့ကြပါ။ စစ်ရေးပစ်မှတ်တွေကတော့ လမ်းဘေးဘယ်ညာ တစ်မိုင်အကွာအတွင်းဖြစ်တာမို့လို့ အဲ့အပိုင်းတွေကို ပြည်သူတွေအနေနဲ့ အသွားအလာမလုပ်ဖို့နဲ့ ခွင့်ပြုချက်ယူပြီးမှ သွားလာကြဖို့ အသိပေးချင်ပါတယ်။ ဒါအပြင် ပြည်သူတွေအနေနဲ့ စစ်ခွေးစစ်ကြောင်းထွက်လာနေပြီ ဖြစ်တာကြောင့် ကြိုတင်တိမ်းရှောင်တာမျိုးနဲ့ လမ်းပိုင်းပေါ်ကို မသွားလာဖို့ကို ပြောချင်ပါတယ်” ဟု ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဇိုး LDF ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုကျားဇိုးက ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံပြည်သူများ ကြိုတင်တိမ်းရှောင်နေကြရပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေပါသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ စစ်ယာဉ်တန်း။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




