ရန်ကုန်၊ ဧပြီ ၂၃
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဝန်ကလေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၁၀ ကျော်သက်အရွယ် လူငယ်များ အပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ ဝါးရုံပင်ဇင်းအုပ်စု၊ သဲကောဆည် အနီးရှိ ဝန်ကလေး(ဆားချောင်း) ရွာအတွင်း ရေလုပ်ငန်း လုပ်ကိုင်ရှာဖွေစားသောက်နေသော ပြည်သူများ၏ နေအိမ်များကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံး ၁၀ လုံး ထက်မနည်းကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၁၅ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၁၆ နှစ် အရွယ် အမျိုးသား ၁ ဦး၊ အသက် ၁၉ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၂၀ နှစ်အရွယ် အမျိုးသား ၁ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ စစ်ခွေးတွေက ပြည်သူတွေ နေထိုင်တဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ဗုံးကျဲ တိုက်ခိုက်လို့ ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ သူတွေထဲမှာ စိုးရိမ်ရတဲ့ သူတွေလည်း ပါဝင်ပါတယ်” ဟု လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ အပြစ်မဲ့ အရပ် သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ဗဟိုပြု၍ လေကြောင်းတိုက်ခိုက်မှုများ အင်အားအလွန် အကျွံသုံးစွဲတိုက်ခိုက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် အထူးဂရုပြုသတိ ထားကြရန် လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးပြောဆိုထားသည်။






