ရန်ကုန်၊ ဧပြီ ၂၄
မြန်မာနိုင်ငံရှိ မင်းလက်ပံ ကျားဖြန့်ငွေလိမ်စခန်းမှ တရုတ်နိုင်ငံသား ၂ ဦးကို အမေရိကန်က တရားစွဲဆိုလိုက်ပြီး ဒေါ်လာ သန်း ၇၀၀ ကျော်တန်ဖိုးရှိ ငွေလိမ်ကွန်ရက်ကို ဖြိုခွင်းလိုက်ကြောင် အေပီ သတင်းတစ်ရပ်အရ သိရှိရသည်။
ကရင်ပြည်နယ်အတွင်းရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်စခန်းတစ်ခုကို စီမံခန့်ခွဲပြီး အလုပ်သမားများကို အတင်း အကျပ်ခိုင်းစေကာ အမေရိကန်နိုင်ငံသားများထံမှ ဒေါ်ဘီလီယံနှင့်ချီ ခိုးယူနေသည့် ရာဇဝတ်ကွန် ရက်ကို အမေရိကန်အစိုးရက ဖြိုခွင်းလိုက်ကြောင်း၊ ယင်းအပြင် အဆိုပါကျားဖြန့်ငွေလိမ်စခန်းကို စီမံခန့်ခွဲနေသော တရုတ်နိုင်ငံသား မန်နေဂျာ ၂ ဦးကိုလည်း တရားစွဲဆိုလိုက်ကြောင်း အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်တရားရုံးက သတင်းထုတ်ပြန် သည်။
တရားစွဲဆိုခံရသူ တရုတ်နိုင်ငံသား ၂ ဦးမှာ ဟောင်ရှင်းရှန်း (Huang Xing Shan) နှင့် ကျန်းဝမ်ကျဲ (Jiang Wen Jie) တို့ ဖြစ်ကြပြီး ၎င်းတို့သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မင်းလက်ပန်ကျေးရွာရှိကျားဖြန့် Shunda Park အမည်ရှိ နာမည်ဆိုးဖြင့်ကျော်ကြားသော အွန်လိုင်းငွေလိမ်စခန်းကို စီမံခန့်ခွဲခဲ့သူများ ဖြစ်သည်။
ဟောင်ရှင်းရှန်းသည် အလုပ်သမားများကို ကိုယ်တိုင်ကိုယ်ကျ ရိုက်နှက်နှိပ်စက်သည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကျန်းဝမ်ကျဲမှာမူ အမေရိကန်နိုင်ငံသားများကို တိုက်ရိုက်ပစ်မှတ်ထား လိမ်လည်သည့် အဖွဲ့ကို ကြီးကြပ်သူဖြစ်သည်။
၎င်းတို့ကို အွန်လိုင်းငွေ လိမ်လည်မှုပြုလုပ်ရန် ပူးပေါင်းကြံစည်မှု (Wire fraud conspiracy) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
အဆိုပါ Shunda Park ငွေလိမ်စခန်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံရှိ လက်နက်ကိုင်တပ်ဖွဲ့များက ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံမှတစ်ဆင့် ကမ္ဘောဒီးယားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
သို့သော်လည်း ယင်းတရုတ်နိုင်ငံသား ၂ ဦးမှာ ယခုနှစ်ဆန်းပိုင်းတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအာ ဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း၊ လက်ရှိတွင် ၎င်းတို့ကို အမေရိကန်နိုင်ငံသို့ လွှဲပြောင်းကာ တရားစွဲဆိုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရသည်။
“US Scam Center Strike Force” က ဦးဆောင်သည့် အဆိုပါနှိမ်နင်းမှုကြီးအတွင်း အမေရိကန်အုဏာပိုင်များက ရင်းနှီး မြှုပ်နှံမှု အတုပြုလုပ်ရန် အသုံးပြုသည့် ဝဘ်ဆိုဒ်ပေါင်း ၅၀၀ ကျော်ကို ပိတ်ပင်ပစ်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားရှိ ကျားဖြန့်စခန်းများအတွက် လူကုန်ကူးရန် အသုံးပြုနေသော တယ်လီဂရမ် (Telegram) ချန်နယ်တစ်ခုကို ပိတ်ပင်နိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လိမ်လည်မှုများနှင့် ဆက်နွှယ်နေသော ဒေါ်လာ သန်း ၇၀၀ ကျော်တန်ဖိုးရှိ ခရစ်ပတိုကာရန်စီများကိုလည်း ထိန်းချုပ်ဖြိုခွင်းရန် ဆောင် ရွက်နေကြောင်း သိရှိရသည်။
အမေရိကန် ရှေ့နေချုပ် ဂျိန်းနင်း ပီရို (Jeanine Pirro) က “သင့်အိမ်နီးချင်း၊ သင့်သူငယ်ချင်းနဲ့ သင့်မိဘတွေရဲ့ အငြိမ်းစားစု ဆောင်းငွေတွေကို တိုက်ရိုက် ထိ ခိုက်နေတာပါ။ ငွေလိမ်ခံရသူတချို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့အထိ ဖြစ်ကုန်ကြတာဟာ စီးပွား ရေးဆိုင်ရာ လူသတ်မှုပါပဲ” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြင်းပြင်းထန်ထန် ပြောကြားသည်။
အဆိုပါ ကျားဖြန့်စခန်းများအတွင်းရှိ အလုပ်သမားများသည် လစာကောင်းသည့် နည်းပညာအလုပ် များဖြင့် ဆွဲဆောင်ခံရပြီးနောက် မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်စခန်းများသို့ လူကုန်ကူးခံခဲ့ရခြင်းဖြစ် သည်။ ၎င်းတို့ကို အပြင်သို့ ထွက်ခွင့်မပေးဘဲ အကျဉ်း ချချုပ်နှောင်ကာ အမေရိကန်နိုင်ငံသားများကို လိမ်လည်ရန် အတင်းအကျပ် ခိုင်းစေခဲ့ခြင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု ဗဟိုစုံစမ်းရေးအဖွဲ့-FBI က ၂၀၂၆ ခုနှစ်၊ မတ်လအထိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများ၏ သားကောင်ဖြစ်ခဲ့ရသူပေါင်း ၉,၀၀၀ နီးပါးကို အကြောင်းကြားပေးနိုင်ခဲ့ပြီး ဒေါ်လာ သန်း ၅၆၀ ကျော် ဆုံးရှုံးမည့်အရေးကို ကြိုတင်ကာကွယ်ပေးနိုင်ခဲ့ကြောင်း၊ အချို့သော ငွေလိမ်ခံရသူများသည် ငွေလိမ်ဂိုဏ်းထံ ငွေလွှဲရန်အတွက် ၎င်းတို့၏ နေအိမ်များကိုပင် ရောင်းချရန် ပြင်ဆင်နေချိန်တွင် အာဏာပိုင်များက တားဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံရှိ အခြားသော “ထိုက်ချန်း” (Tai Chang) ငွေလိမ်စခန်းနှင့် ပတ်သက်သည့် သတင်းပေးသူအား ဒေါ်လာ ၁၀ သန်း ဆုကြေးပေးမည်ဟု ကြေညာထားကာ အဆိုပါငွေလိမ်ဂိုဏ်းများကို အမြစ်ပြတ်အောင် ဆက်လက်နှိမ်နင်းသွားမည်ဟု သတိပေးထားသည်။






