26.3 C
Yangon

ဖာပွန်ခရိုင်ရှိ အကြမ်းဖက်စစ်တပ်၏ ကဘောတူ အခြေစိုက်စစ်စခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဧပြီ ၂၇

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၅) နယ်မြေဖြစ်သော ဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကဘောတူ စစ်တပ်စခန်းကို KNLA/KNDO နှင့် PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ကဘောတူစခန်း သိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီထံမှ လက်နက်ငယ် ၁၅ လက်မှ ၂၀ လက်ဝန်း ကျင်အထိ သိမ်းဆည်းရရှိခဲ့သည့်အပြင် ငါးကြင်းမြီးစက်သေနတ် ၂ လက်နှင့် ၆၀ မမ လက်နက်ကြီး ၁ လက်တို့ကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။

ထို့အပြင် မိုင်းနှင့် လက်ပစ်ဗုံး အလုံးပေါင်း ရာနှင့်ချီ၍ သိမ်းဆည်းရရှိခဲ့သလို RPG ကျည်ဆံများ၊ အခြားခဲယမ်းများနှင့် စစ်သုံးပစ္စည်းအမြောက်အမြားကိုလည်း ပူးပေါင်းတပ်ဖွဲ့များဘက်က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ကဘောတူစခန်းသည် ၁၉၉၇ ခုနှစ်ခန့်မှစ၍ စစ်ကောင်စီတပ်များ ကျူးကျော်အခြေစိုက်ထားသည့် စခန်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ကလည်း KNU က ပထမတစ်ကြိမ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ယင်းအချိန်က KNU က စခန်းသိမ်းပိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့သဖြင့် စစ်တပ်က နေရာပြန်ဝင်ယူကာ တပ်စွဲထားခဲ့ခြင်းဖြစသည်။ ယခုအခါ ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် ပူးပေါင်းတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

KNU မူတြော်ခရိုင်အတွင်း အာဏာမသိမ်းခင်က စစ်ကောင်စီတပ်စခန်းပေါင်း ၇၈ ခု ရှိခဲ့သော်လည်း အာဏာ သိမ်းပြီးနောက်ပိုင်း KNLA မဟာမိတ်ပူးပေါင်းတပ်များက စခန်းပေါင်း ၆၈ ခုအထိ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

လက်ရှိတွင် ဖာပွန်ဗျူဟာအပါအဝင် စခန်း ၁၀ ခုခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။ လတ်တလောတွင် အဆိုပါနယ်မြေ၌ စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်များ စစ်အင်အားဖြည့်တင်းနေသည့် အခြေအနေများကြောင့် စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article