30 C
Yangon

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့တွင် တရားမဝင် မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က ဖမ်းဆီး

Must read

ရန်ကုန်၊ ဧပြီ ၂၇

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့တွင် တရားမဝင် မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

ယမန်နေ့ ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်း ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ အဝေးပြေးရဲတပ်ဖွဲ့က တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သားများကို တင်ဆောင်လာသည့် မသင်္ကာဖွယ် မော်တော်ယာဉ် နှစ်စီးကို ဆက်တိုက်ဖမ်းဆီးရမိခဲ့ရာ မြန်မာလုပ်သား စုစုပေါင်း ၁၆ ဦးနှင့် ယာဉ်မောင်းနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

ပထမဖြစ်စဉ်မှာ အယုဒ္ဓယမြို့နယ်၊ အာရှလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ စတစ်ကာအမည်းရောင် ကပ်ထားသည့် Toyota Altis အမျိုးအစား အမည်းရောင် ကားတစ်စီးကို စစ်ဆေးရာ အသက် ၃၄ နှစ်အရွယ် မြန်မာနိုင်ငံသား ဇင်ဘိုထက် အမည်ရှိ ယာဉ်မောင်းနှင့်အတူ တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၇ ဦး (အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦး) ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

ဒုတိယဖြစ်စဉ်မှာ အုထိုင်းမြို့နယ်အတွင်းရှိ အမှတ် ၃၀၅၆ လမ်းမကြီးပေါ်တွင် Toyota Fortuner အမျိုးအစား အဖြူရောင်ကားတစ်စီးကို စစ်ဆေးရာ အသက် ၃၂ နှစ်အရွယ် မြန်မာနိုင်ငံသား အောင်ဇော်မင်း ဆိုသောယာဉ်မောင်းနှင့်အတူ မြန်မာလုပ်သား ၁၁ ဦး (အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦး) ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးခံရသူများကို အဝေးပြေးရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်စစ်ဆေးရာတွင် မည်သည့် တရားဝင် အထောက်အထားမှ ပါရှိခြင်း မရှိသည်ကို တွေ့ရှိရသည်။

ယာဉ်မောင်း၂ ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့သည် နခွန်စဝမ် (Nakhon Sawan) ခရိုင်တွင် လူစုကာ ဘန်ကောက်နှင့် အနီးတစ်ဝိုက်သို့ ပို့ဆောင်ရန် တာဝန်ယူထားခြင်းဖြစ်ကြောင်း၊ Facebook မှတစ်ဆင့် မြန်မာပွဲစားများနှင့် ချိတ်ဆက်ကာ တစ်ဦးလျှင် ဘတ် ၅၀၀ နှုန်းဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။

ဖမ်းဆီးခံ မြန်မာလုပ်သားများ၏ ပြောကြားချက်အရ ၎င်းတို့သည် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ တောလမ်းများမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာကြခြင်းဖြစ်ကြောင်း၊ အလုပ်အကိုင်ရှာဖွေရန်အတွက် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၁,၀၀၀ မှ ၁၅,၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း သိရသည်။

လတ်တလောတွင် ရဲတပ်ဖွဲ့က ယာဉ်မောင်းနှစ်ဦးကို “တရားမဝင် ဝင်ရောက်လာသူများကို ဝှက်ပေးခြင်းနှင့် ကူညီဆောင်ရွက်ပေးခြင်း” အမှုဖြင့် အရေးယူထားပြီး၊ မြန်မာလုပ်သား ၁၆ ဦးကိုမူ “ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်း ဝင်ရောက်နေထိုင်မှု” ဖြင့် သက်ဆိုင်ရာ ရဲစခန်းများသို့ လွှဲပြောင်းကာ ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article