28 C
Yangon

ဖြူးမြို့ပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ထွက်ပြေးသွားသော လူငယ် ၂ ဦးကို စစ်တပ်က လိုက်လံ ပစ်ခတ်ဖမ်းဆီးစဉ် အသက် ၇ နှစ်အရွယ် သမီးငယ် ကျည်ထိမှန် သေဆုံး၊ မိသားစုက လူသတ်မှုဖြင့် အမှုဖွင့်သော်လည်း ဖြူးရဲစခန်းက လက်မခံ

Must read

ရန်ကုန်၊ ဧပြီ ၂၉

ပဲခူးတိုင်း၊ ဖြူးမြို့ပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ထွက်ပြေးသွားသော လူငယ် ၂ ဦးကို စစ်တပ်က လိုက်လံ ပစ်ခတ်ဖမ်းဆီးစဉ် အသက် ၇ နှစ်အရွယ် သမီးငယ်မှာ ရင်ဘတ်ကို ကျည်ထိမှန် သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့ စစ်တပ်က ဖြူးမြို့ပေါ် ၊ ဝဲဒေါင့်အလယ်ရွာတွင် လူငယ် ၂ ဦးကို စစ်မှုထမ်းခိုင်းရန် အတွက် ဖမ်းဆီးစဉ် လူငယ် ၂ ဦးက ထွက်ပြေးသွားကြောင်း၊ ယင်းထွက်ပြေးသွားသော လူငယ်၂ ဦးကို စစ်တပ်က သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးကြောင်း၊ ထိုသို့ ပစ်ခတ်စဉ် ဝဲဒေါင့်အလယ်ရွာမှ အသက် ၇ နှစ်အရွယ် သမီးငယ် တစ်ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း သိရှိရသည်။

” ဝဲဒေါင့်ဆိုတာ ရွာပေမယ့် ဖြူးမြို့ပေါ်မှာပါပဲ။ ဖြူးချောင်းတံတား ဗိုလ်ချုပ်ကြေးရုပ်အဆင်းကပ်လျက်တည်ရှိနေတဲ့ ရွာပါ။ အဲဒီမှာ လူငယ်၂ ဦး ဆိုင်ကယ်စီးလာတာကို ရပ်ခိုင်းတာမရပ်လို့ ပစ်လိုက်တာ။ ရပ်ကွက်ထဲက အသက် ၇ နှစ်အရွယ် ကလေးမလေးကိုမှန်ပြီး သေဆုံးသွားတယ်။ အိမ်က မိသားစုတွေ ကလေးကို ဆေးရုံ ခေါ်သွားတယ် ။ ဆေးရုံရောက်တော့ ကလေးက ဆုံး သွားပြီ။ ကလေးငယ်ရဲ့ ရင်ဘတ်မှာ ကျည်ပေါက်ရာကြီးနဲ့ ကျည်က ဘယ်ဘက် ရင်ဘတ်ကို ဖောက်ထွက်သွားတာ။ ဖြူးရဲစခန်း မှာ အမှုဖွင့်ဖို့ သွား တော့ ဖြူး ရဲစခန်း က အမှု ဖွင့်လို့ မရဘူး ပြောတယ် ၊ ပေါ်တာဆွဲတဲ့ အဖွဲ့ တွေကို အမှု ဖွင့် တိုင်ကြားလို့ မရ ဘူး လို့ ဖြူး ရဲစခန်း စခန်းမှူး ကပြောတယ်။ ရဲစခန်းမှူးက ခင်ဗျားတို့ အိမ်ပြန် ပြီး နာရေး ကိစ္စ အရင် ဆောင်ရွက်ပါဆိုပြီး ပြန်လွှတ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဖြူးမြို့နယ်တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ အလွန်ဆိုးရွားစွာ ဖြစ်ပွားနေပြီး လူငယ်များကို ဖမးဆီးကာ အနည်းဆုံး ငွေကျပ် သိန်း ၅၀ မှ သိန်း ၁၅၀ အထိ ငွေတောင်းယူ ပြန်လွှတ်ပေးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ပေါ်တာဆွဲ ငွေညှစ်နေသော အဖွဲ့များမှာ ပျူစောထီး၊ ပြည်သူ့စစ်တို့နှင့် စစ်တပ်တို့က အဓိက လုပ်ဆောင်ပြီး ရဲ၊ ထွေ/အုပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ဝေစုခွဲခြင်း၊ လူအရောင်းအဝယ် လုပ်ခြင်းများတွင် အဓိက ပါဝင်ပတ်သက်နေကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article