ရန်ကုန်၊ ဧပြီ ၂၉
မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော မြန်မာစစ်တပ်က နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြုမည်ဆိုခြင်းမှာ ယုံကြည်ရန် မဖြစ်နိုင်ကြောင်း နိုင်ငံတကာသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောဆိုလိုက်သည်။
ဧပြီလ ၂၈ ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသော ၂၀၂၆ ခုနှစ် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) အဖွဲ့ဝင်နိုင်ငံများ၏ ပြန်လည်သုံးသပ်ရေးညီ လာခံ၊ အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် သံအမတ်ကြီးက ယင်းကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုသည် အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးသုံးနိုင်သည့် ပစ္စည်းများကို လက်နက်အဖြစ် အသုံးချကာ စစ်ရာဇ ဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေသည့်အတွက် ၎င်းတို့၏ နျူကလီးယား စွမ်းအင်စီမံကိန်းအပေါ် ယုံကြည်ရန် မဖြစ်နိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာသို့ ပြင်းထန်စွာ သတိပေးသည်။
အကြမ်းဖက်စစ်အုပ်စုနှင့် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အဓိကနိုင်ငံကြီးတစ်နိုင်ငံ (ရုရှားကို ရည်ညွှန်းသည်) တို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာခြင်းအပေါ် မြန်မာပြည်သူများ ကိုယ်စား အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း သံအမတ်ကြီးက ရှင်းပြသည်။
စစ်အုပ်စုက အရပ်ဘက်သုံးပစ္စည်းများကို လက်နက်အဖြစ် ပြောင်းလဲအသုံးပြုကာ ပြည်သူလူထုအပေါ် ရာဇဝတ်မှုများ ကျူး လွန်နေသဖြင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမည်ဟူသော စကားမှာ ယုံကြည်ရန် မဖြစ်နိုင်ခြင်း၊ ယခင်က ၎င်းတို့ ဆောင်ရွက်ခဲ့သည့် ဓာတုလက်နက် အစီအစဉ်များကို ဖုံးကွယ်ထားခဲ့သည့်အတွက် နျူကလီးယားကဲ့သို့ အရေးကြီးသော လုပ် ငန်းစဉ်တွင် ပွင့်လင်းမြင်သာမှုရှိမည်ဟု မယုံကြည်နိုင်ခြင်း၊ အာဆီယံဘုံသဘောတူညီချက်များနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင် စီ ဆုံးဖြတ်ချက်များကိုပင် ပြောင် ပြောင်တင်းတင်း ချိုးဖောက်နေသဖြင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ လမ်းညွှန်ချက်များကို လိုက်နာမည်ဟု မျှော်လင့်၍မရခြင်း စသည့် အခြေအနေများကို သံအမတ်ကြီးက ရှင်းပြသည်။
ယင်းအပြင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖျက်ဆီးနေသည့် စစ်အုပ်စုအား နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုတွင် မိတ်ဖက်အဖြစ် သတ်မှတ်ရန် မဖြစ်နိုင်ကြောင်း ၎င်းက သတိပေးသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ပြန်လည်တည်ဆောက်ကာ စစ်တပ်သည် အရပ်သားအစိုးရ၏ ကြီးကြပ်ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိသည့် အချိန်မှသာလျှင် နျူက လီးယားအစီအစဉ်အပါအဝင် မည်သည့် ပူးပေါင်းဆောင်ရွက်မှုကိုမဆို ပေးအပ်သင့်ကြောင်း သံအမတ်ကြီးက အလေးအနက် တိုက်တွန်းသည်။
ထို့အပြင် မြန်မာပြည်သူများ၏ အနာဂတ်ကို ကယ်တင်နိုင်ရန်အတွက် စစ်အုပ်စုထံသို့ စီးဆင်းနေသည့် လက် နက် နှင့် စစ် လက် နက်ပစ္စည်းများ၊ ဂျက်လောင်စာဆီ၊ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးနိုင်သည့် ပစ္စည်းများနှင့် သက်ဆိုင်ရာ နည်းပညာများ ဖြတ်တောက်ပေးရန် အဖွဲ့ဝင်နိုင်ငံအားလုံးထံသို့ မေတ္တာရပ်ခံခဲ့သည်။
သံအမတ်ကြီးက နျူကလီးယားလက်နက်များကို လုံးဝဖျက်သိမ်းခြင်းသည်သာ လူသားမျိုးနွယ်အတွက် တစ်ခုတည်းသော အာမခံချက်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ကင်းစင်ရေးမူဝါဒကို ဆက်လက်ကိုင်စွဲထားကြောင်း ထပ်လောင်းအတည်ပြု ပြောဆိုသည်။






