28 C
Yangon

အင်းတော်မြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ် တိုက်ခိုက်ခံရပြီး ဗိုလ် ၁ ဦး အရှင်ဖမ်းမိကာ ထိခိုက်သေဆုံးမှုများပြား၊ စစ်တပ်က ပင်းမလွတ်ရွာတွင် တပ်စွဲပြီး ပြည်သူများ ဖမ်းဆီးသတ်ဖြတ်နေ

Must read

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် တိုက်ခိုက်ခံရပြီး ဗိုလ် ၁ ဦး အရှင်ဖမ်းမိကာ စစ်သားများ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ကျော်မှ စတင်ပြီး ကသာမြို့နယ်ဘက်မှ အင်းတော်မြို့သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များ နဘားရွာအနီးတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ် ၁ ဦးကို အရှင်ဖမ်းမိခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက ကသာမြို့နယ်ဘက်ကနေ အင်းတော်မြို့ဘက်ကို စစ်ကြောင်းထိုးလာတာ စစ်ခွေးတွေက အင်းတော်ကို ပြန်သိမ်းချင်နေတာ တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေဘက်က သေတာတော်တော်များတယ်။ ဗိုလ် ၁ ကောင်ကိုဘလည်း အရှင်ဖမ်းမိထားတယ်။ တိုက်ပွဲတွေပြင်းထန်နေတာက နဘားရွာနားမှ ဖြစ်နေတာ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ဧပြီလ ၂၆ ရက်နေ့တွင် ကသာမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် ပင်းမလွတ်ရွာကို ဝင်ရောက် စီးနင်းပြီး စစ်ဘေးရှောင် ပြည်သူများကို သေနတ်ဖြင့် ပစ်သတ်ကာ ကျေးရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲ၍ ရွာလုံးကျွတ် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

စစ်တပ်က ၎င်းတို့ ဖမ်းဆီးထားသော ပြည်သူများကို စစ်ဆေးမှုပြုလုပ်ပြီး တော်လှန်ရေးထောက်ပို့ လုပ်ကိုင်သည်ဟု သံသယရှိသူများကို ပစ်သတ်ခြင်းများ လုပ်ဆောင်နေကြောင်း၊ ထို စစ်ကြောင်းသည် လက်ရှိချိန်ထိ ရွာထဲ၌ တပ်စွဲထားပြီး ပြည်သူများကို ဆက်လက် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ပင်းမလွတ်ရွာကို ကသာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေရောက်နေတယ်။ စစ်မရှောင်ဘဲ ရွာထဲမှာ ကျန်နေတဲ့ ပြည်သူတွေကိုလည်း စစ်ခွေးတွေက ပစ်သတ်ထားတယ်။ ဘုန်းကြီးကျောင်းထဲမှာလည်း ပြည်သူတွေကို ပိတ်လှောင်ပြီး စစ်ဆေးတာတွေ လုပ်နေတယ်။ တော်လှန်ရေးကို ကူညီတဲ့သူတွေပါလား မပါလားဆိုပြီး အဲ့လူတွေ အကုန်လုံးကို ဘုန်းကြီးကျောင်းထဲမှာကို ခွေးမောင်းသလို ကျွဲမောင်းသလို မောင်းထည့်ပြီးမှ အကုန်လုံးစစ်နေတာ အခုထိရှိသေးတယ်။ တနင်္ဂနွေနေ့မှာ စပြီးမှ စစ်ခွေးတွေက ရောက်လာတာ လူတွေအများကြီး ပစ်သတ်ခံထားရတာ အခုဒီနံနက်ပိုင်းထိလည်း မလွတ်သေးဘူး။ တိုက်ပွဲကလည်း ရှိနေတုန်းပဲ အကြမ်းဖက် စစ်ခွေးတွေက အရပ်သား ပြည်သူ ဘယ်နှဦးကို ပစ်သတ်ထားလဲဆိုတာ စာရင်းကောက်ဖို့တောင် လောလောဆယ် အခြေအနေက မလွယ်သေးဘူး။ ဘုန်းကြီးကျောင်းထဲမှာ စစ်တပ်က ပိတ်လှောင်ထားတဲ့ လူဦးရေကလည်း တအားများတယ်။ စစ်ခွေးတွေက တစ်ယောက်ချင်း ခေါ်ထုတ်ပြီးမှ စစ်ဆေးနေတာ သူတို့ မသင်္ကာရင် တစ်ခါတည်း ပစ်သတ်တယ်။ အဲ့ပင်းမလွတ်ရွာ ဘုန်းကြီးကျောင်းထဲမှာပါ။ ရှမ်းနီအဖွဲ့တွေလည်း ပါတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သင်းဌာနထံသို့ပြောဆိုသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ အင်းတော်-ကသာ လမ်းပိုင်းအပါအဝင် တောတောင်များ၌ပါ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းပိုင်းသည်လည်း တိုက်ပွဲများကြောင့် သွားလာခွင့် ပိတ်ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article