ရန်ကုန်၊ မေ ၇
မြန်မာနိုင်ငံတွင် ပြည်ပသွင်းကုန်တင်သွင်းမှုကို လျှော့ချခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှု သက်သာစေရန် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားသည့်အတွက် စက်သုံးဆီချွေတာရေး စီမံချက်အရ လက်ရှိကျင့်သုံးနေသည့် စုံ/မစနစ်နှင့် QR စနစ်များကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) မှ သိရသည်။
မြန်မာနိုင်ငံသို့ စက်သုံးဆီတင်သွင်းရန်အတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံချီ အသုံးပြုနေရခြင်းမှာ နိုင်ငံ တော်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသဖြင့် စက်သုံးဆီများကို စနစ်တကျ ထိန်းကျောင်းသုံးစွဲရန် စစ်ခေါင်းဆောင်က စွမ်းအင်ဝန်ကြီးဌာနသို့ ညွှန်ကြားထားခြင်းဖြစ်ကြောင်း၊ အဆိုပါလမ်းညွှန်ချက်အရ စက်သုံးဆီဆိုင်များတွင် ဆီတန်းစီသူ နည်းပါးသွားသော်လည်း စုံ/မစနစ်နှင့် QR စနစ်များကို စွမ်းအင်ဝန်ကြီးဌာနက ဖြေလျှော့ပေးခြင်းမရှိဘဲ ဆက်လက်ကျင့်သုံးရန် ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။
စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက“ကားတွေ တန်းစီပြီး ဆီဖြည့်တာ မရှိတော့လို့ လတ်တလော လုပ်နေတဲ့ စုံ/မစနစ်ကို ဖြေလျှော့ပေးဖို့ တင်ပြတာရှိပါတယ်။ ဒါပေမယ့် နိုင်ငံတော်အကြီးအကဲက စက်သုံးဆီ ချွေတာရေး စီမံချက်ကို ဆက်ပြီး လုပ်ပါဆိုပြီး လမ်းညွှန်ထားလို့ စုံ/မစနစ်ရော၊ QR စနစ်ရော ဆက်ပြီး ကျင့်သုံးမယ်လို့ စွမ်းအင်ဝန်ကြီးဌာနဘက်ကနေ အသိပေးလာတယ်” ဟု ဆိုသည်။
ယင်းအပြင် စွမ်းအင်ဝန်ကြီး ကိုကိုလွင်က မေလ ၄ ရက်နေ့ အစည်းအဝေးတွင် စက်သုံးဆီ တင်သွင်းဖြန့်ဖြူးမှု တစ်ခုလုံးကို ဒီဂျစ်တယ်စနစ်ဖြင့် အပြည့်အဝ ထိန်းချုပ်တော့မည်ဖြစ်ကြောင်း ပြောကြားထားသည်။
စက်သုံးဆီတင်သွင်းနေသော ဆိပ်ကမ်းရှိ သိုလှောင်ကန်များတွင် Auto Tank Gauging စနစ် တပ်ဆင်ခြင်းနှင့် ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ခြင်းများ ပြီးစီးပါက စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး စနစ်တစ်ခုလုံးကို ချုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီး ကိုကိုလွင်က ဆိုသည်။
“စက်သုံးဆီတင်သွင်းဖြန့်ဖြူးတဲ့ စနစ်တစ်ခုလုံးကို ဒီဂျစ်တယ်စနစ်နဲ့ ထိန်းချုပ်နိုင်ပါက နိုင်ငံတော်အနေနဲ့ စက်သုံးဆီတင်သွင်းရမှု များစွာလျော့နည်းသွားမယ်” ဟု ကိုကိုလွင်က ထည့်သွင်းပြောဆိုသည်။
စစ်တပ်၏ ထုတ်ပြန်ချက်အရ နိုင်ငံတွင် စတင်ကျင့်သုံးခဲ့သော စက်သုံးဆီ ချွေတာရေး စီမံချက်အရ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှုနှုန်းသည် တစ်ရက်လျှင် ဂါလန် ၁ သန်းကျော် သိသာစွာ လျော့ကျလာခဲ့ကြောင်း၊ ယင်းကြောင့် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၆ သန်းခန့်နှင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့်အထိ နိုင်ငံခြားငွေသုံးစွဲမှု သက်သာစေမည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများမှာ 92 ဓာတ်ဆီ တစ်လီတာလျှင် ၄၅၁၅ ကျပ်နှင့် 95 ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၄၆၇၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆၄၅၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၅၂၇၅ ကျပ် စစ်တပ်က စျေးသတ်မှတ်ထားသည်။
ယင်းအပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စက်သုံးဆီသုံးစွဲမှု ထပ်မံလျှော့ချနိုင်ရန်အတွက် ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံ၍ EV လျှပ်စစ်ကားများ အစားထိုး တင်သွင်းသည့်စနစ်ကိုလည်း ဆောင်ရွက်သွားမည်ဟု ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။






