26.2 C
Yangon

တောင်သာနှင့် မလှိုင်မြို့နယ် အစပ်တွင် စစ်တပ်စစ်ကြောင်းထိုးမှုနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၅

မန္တလေးတိုင်း တောင်သာမြို့နယ်နှင့် မလှိုင်မြို့နယ် အစပ်ဒေသတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲကာ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း မလှိုင်မြို့ လူထုသတင်းကွန်ယက်မှ တာဝန်ရှိသူနှင့် ဒေသခံပြည်သူများက ပြောကြားသည်။

ဒေသခံသတင်းများအရ ဇွန်လအစောပိုင်းမှစ၍ စစ်ကောင်စီတပ်သည် တောင်သာမြို့နယ် ရုံးစည်ကြီးရွာနှင့် မလှိုင်မြို့နယ်အကြားသို့ အင်အား ၆၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာများတွင် တပ်စွဲထားကာ အနီးပတ်ဝန်းကျင်ကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုးနေကြောင်း သိရသည်။

ဇွန်လ ၂၄ ရက်နေ့ ည ၇ နာရီခန့်တွင် ရေခါးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက သဘွတ်ကုန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

မလှိုင်မြို့ လူထုသတင်းကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက “စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ သဘွတ်ကုန်းရွာကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ ပြည်သူ ၃ ဦး သေဆုံးတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ရုံးစည်ကြီးရွာနှင့် မလှိုင်မြို့နယ်အကြားရှိ လက်ပံတောရွာ၊ သီးပင်ကုန်းရွာ၊ ရွာသာအေးရွာ၊ ရေခါးကျေးရွာ၊ ပန်းအိုင်ရွာနှင့် ရုံးစည်ကြီးရွာတို့ရှိ ဘုန်းကြီးကျောင်းများတွင် တပ်စွဲထားပြီး အနီးပတ်ဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်းထိုးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၁ ရက်နေ့ကလည်း တောင်သာမြို့နယ် ဝဲလောင်တိုက်နယ်ရှိ တောင်သာ–ဝဲလောင်လမ်းပိုင်း ကိုင်းချောင်းတံတားအနီးတွင် စစ်ကောင်စီတပ်က လမ်းပိတ်စစ်ဆေးမှုများပြုလုပ်စဉ် လမ်းသွားလမ်းလာပြည်သူ ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ အင်းတဲကျေးရွာမှ ၁၂ တန်းကျောင်းသား ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး နတ်စောင့်ကျေးရွာအနီးတွင် သတ်ဖြတ်ခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ဇွန်လ ၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ အဆိုပါစစ်ကြောင်းသည် ထန်းကျင်းကျေးရွာ၊ ကျားမတွင်းကျေးရွာ၊ ထန်းပင်ခြံကျေးရွာနှင့် ညောင်ကုန်းကျေးရွာအပါအဝင် ကျေးရွာအချို့ကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောဆိုထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပြည်သူများနေထိုင်သော ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article