28.8 C
Yangon

မြင်းခြံတွင် ဘန်ကာအခိုင်အမာဖြင့် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို ဝင်ရောက်စီးနင်းမှု စစ်သား ၈ ဦးသေဆုံး၊ အင်းတော်တွင်လည်း စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိအလောင်းသာသယ်ပြီး စစ်သားအလောင်းများ ချန်ထားခဲ့

Must read

ရန်ကုန်၊ မေ ၁၀

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာရှိ ဘန်ကာအခိုင်အမာ တည်ဆောက်ထားသော စစ်ကောင်စီ ၏ “ရွှေညောင် ပင်” ဂိတ်ချအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၈ ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။

မေလ ၇ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် အင်အား ၃၀ ခန့်ဖြင့် အခိုင်အမာတပ်စွဲထားသော အဆိုပါစခန်းကို OneMore စစ် ကြောင်းနှင့် မဟာမိတ်အဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

OneMore စစ်ကြောင်း-Mgn District အဖွဲ့မှ တာဝန်ခံက “စစ်ခွေးအင်အားက ၃၀ ခန့်လောက်ရှိပါတယ်။ ၈ ကောင်က နေရာတင် ပွဲချင်းပြီးသေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ညကြီးဆိုတော့ လက်နက်ကြီးပစ်ချိန် ဒဲ့ကျတယ်လို့ သူတို့ဆီက အတွင်းသတင်းပေးပို့လာတာပါ။ ကျွန်မတို့ တော်လှန်ရေးတပ်ဖွဲ့တွေမှာ တပ်ရင်းတပ်ဖွဲ့တွေ မတူပေမယ့် သွေးချင်းနီတဲ့ ရဲဘော်တွေမို့ ကျဆုံးရဲဘော်တွေအတွက် အဓိကထား သွေးကြွေးပြန်ယူခဲ့တာပါ။ လက်သည်းဆိတ်ရင် လက်ထိပ်နာပါတယ်။ ဒါကြောင့် ဆက်လက်ရသလောက် သွေးကြွေးယူမှာမို့ ပြည်သူတွေလည်း အားပေးဝန်းရံစေချင်ပါတယ်”ဟု ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို OneMore စစ်ကြောင်းနှင့်အတူ မြင်းခြံခရိုင် တပ်ရင်း (၁)၊ MGN အညာသားတပ်ဖွဲ့၊ ထနောင်းမြေစစ် ကြောင်း၊ အမေ့လက်ရုံး၊ မိုရှည်ဒါးယမ်း၊ ဇေယျာမြေ၊ TFM ပြောက်ကျားတပ်ဖွဲ့များအပြင် ရေစကြိုတပ်ပေါင်းစု၊ ရေစကြို ပလဖ နှင့် ဗိုလ်စနေ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အလားတူ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးမှုများပြားခဲ့သည်။

တော်လှန်ရေး စစ်ရေး သတင်းရင်းမြစ်များ၏ အဆိုအရ စစ်ကောင်စီတပ်သည် အကျအဆုံးများပြားသဖြင့် သေဆုံးသွားသော အောက်ခြေတပ်သားများနှင့် ပြည်သူ့စစ်မှုထမ်းများကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ပြီး အရာရှိအလောင်းများကိုသာ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီစစ်သားအချို့သည် တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချအလင်းဝင်လာမှုများလည်း ရှိခဲ့သည်။

လက်နက်ချလာသူများကို တော်လှန်ရေးတပ်ဖွဲ့များက ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းနှင့် နယ်မြေအတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article