ရန်ကုန်၊ မေလ ၁၄
ချက်ပြည်သူ့သမ္မတနိုင်ငံထုတ် အရပ်ဘက်သုံးလေယာဉ်များကို မြန်မာစစ်အုပ်စုက အကြမ်းဖက်လေကြောင်းစစ်ဆင်ရေးများတွင် အသုံးပြုနေသဖြင့် ချက်အစိုးရအနေဖြင့် ထိရောက်စွာအရေးယူရန်နှင့် မြန်မာနိုင်ငံသို့ လေယာဉ်များ ဆက်လက်မရောင်းချရန် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign) က ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။
တရားမဝင်အာဏာလုယူထားသည့် မြန်မာစစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကျင်းပပြီးနောက် စစ်အုပ်စုလွှတ်တော်နှင့်အတူ မင်းအောင်လှိုင်အား ‘သမ္မတ’ အဖြစ် ခန့်အပ်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီဖြစ်ကြောင်း ကမ္ဘာကို လှည့်ဖျားနေသော်လည်း၊ လက်တွေ့တွင်မူ အရပ်သားများကို ပစ်မှတ်ထားသည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို နေ့စဉ်ကျူးလွန်နေဆဲဖြစ်သည်ဟု ထောက်ပြထားသည်။
မြန်မာစစ်အုပ်စုသည် စစ်ဘက်တိုက်လေယာဉ်များသာမက ချက်နိုင်ငံ Omnipol Group ထုတ် Let L410-UVP E20 Turbolet (Let L410) လေယာဉ်များကိုပါ အသုံးပြုနေသည်ကို တွေ့ရှိရသည်။ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့၏ ၂၀၂၅ ခုနှစ်၊ ဇွန်လမှ စက်တင်ဘာလအထိ လေကြောင်းခြေရာခံမှုများအရ အဆိုပါလေယာဉ်များကို ပုသိမ်နှင့် တံတားဦးလေတပ်စခန်းများတွင် အသုံးပြုခဲ့ပြီး၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားမစ်ရှင်များအတွက် အနည်းဆုံး ၁၃ နာရီကြာ ပျံသန်းခဲ့သည်ကို အတည်ပြုနိုင်ခဲ့သည်။
ထို့အပြင် Myanmar Witness ၏ စုံစမ်းစစ်ဆေးမှုများအရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော် ဝါရီလအတွင်း ချက်နိုင်ငံမှ Let L410 လေယာဉ် ၅ စီးကို မြန်မာနိုင်ငံသို့ ပေးပို့ခဲ့သည်ကို မှတ်တမ်းတင်ထားနိုင်သည်။ ချက်အစိုးရက အရပ်ဘက်သုံးရန်ဟု ဆိုသော်လည်း အဆိုပါလေယာဉ်များသည် အရပ်ဘက်သုံးအဆောက်အအုံမရှိသော မှော်ဘီနှင့် မကွေးလေတပ်စခန်းများတွင် ရှိနေကြောင်း ဂြိုဟ်တုရုပ်ပုံများနှင့် အထောက်အထားများက ဖော်ပြနေသည်။ အထူးသဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကရင်ပြည်နယ်၊ ဝေါလေဒေသတိုက်ပွဲများအနီးသို့ အဆိုပါလေယာဉ်တစ်စီး ချဉ်းကပ်ပျံသန်းခဲ့သည်ကိုလည်း ခြေရာခံမိခဲ့သည်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အချက်အလက်များအရ စစ်အာဏာသိမ်းချိန်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ စစ်အုပ်စုသည် လေကြောင်းဗုံးကြဲမှုပေါင်း အနည်းဆုံး ၆,၉၈၀ ကြိမ် ပြုလုပ်ခဲ့ပြီး၊ ယင်းကြောင့် ကိုယ် ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၄,၂၉၉ ဦး သေဆုံးကာ ၇,၅၅၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ချက်အစိုးရက လေယာဉ်များကို Myanmar Airways International (MAI) ဆီသို့သာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသော်လည်း၊ MAI သည် စစ်ရာဇဝတ်မှုများအတွက် ငွေကြေးစီးဆင်းမှုနှင့် လေယာဉ်အသုံးပြုမှုတို့တွင် ဗဟိုချက်အဖြစ် ပါဝင်နေသည်။ ထို့ကြောင့်ပင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် စင်ကာပူအခြေစိုက် UOB ဘဏ်က MAI ၏ ဘဏ်အကောင့်များကို ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။
ချက်နိုင်ငံထုတ်လေယာဉ်များကို မြန်မာလေတပ်တွင် အသုံးပြုနေခြင်းသည် အီးယူ (EU) ၏ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးပြဌာန်းချက်များကို ချိုးဖောက်ရာရောက်နိုင်သဖြင့် ချက်အစိုးရအနေဖြင့် ထိရောက်သော အရေးယူမှုများ ချက်ချင်းပြုလုပ်ရန် လိုအပ်နေသည်။
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ချက်အစိုးရအနေဖြင့် Omnipol Group အပေါ် လွှမ်းမိုးမှုအသုံးပြု၍ မြန်မာနိုင်ငံသို့ လေယာဉ်များ ထပ်မံပေးပို့ခြင်း သို့မဟုတ် ပေးပို့ရန် စီစဉ်နေခြင်းများကို အမြန်ဆုံးရပ်တန့်ပေးရန် ပြင်းထန်စွာ တောင်းဆိုထားသည်





