ရန်ကုန်၊ မေ ၁၄
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို ဆက်တိုက်မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၂ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးပြီး ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းပိုင်းရှိ ပြည်သူ ၁၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းက ယနေ့ မေလ ၁၄ ရက်နေ့ထိ ပခုက္ကူမြို့နယ် အတွင်းရှိ နံဂါတ်ရွာ၊ ကူကျွန်းရွာ၊ လက်ပံကျွန်းရွာ၊ ညောင်ပင်ရွာ နှင့် မိုးနတ်ကုန်းရွာတို့ကို ဆက်လက်မီးရှို့ဖျက်ဆီးခဲ့ပြီး ထောင်နှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေးစစ်ကြောင်းက ရွာထဲမှာတွေ့တဲ့သူလည်းဖမ်းတယ်။ သူတို့စစ်ကြောင်းနဲ့ လမ်းမှာတွေ့တဲ့လူလည်းဖမ်းတယ်။ ဖမ်းဆီးခံရတဲ့ပြည်သူက ၁၀ ဦးလောက်ရှိမယ်။ အတိအကျတော့ ပြောဖို့ခက်ပါတယ်။ အခုမီးရှို့ဖျက်ဆီးခံရတဲ့ ရွာတွေလည်း တော်တော်များတယ်။ နေအိမ် ပျက်စီးမှု အရေအတွက်တော့ မသိရသေးဘူး။ ပြည်သူတွေလည်း ရွာထဲမှာ ပြန်မဝင်နိုင်သေးဘူး။ အကုန်လုံးဘေးလွတ်ရာကို တိမ်းရှောင်နေရတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မေလ ၈ ရက်နေ့ကလည်း ပခုက္ကူမြို့နယ်ရှိ အောင်သာပျူစောထီးရွာမှ အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ညောင်ပင်ကျေးရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အသက် ၄၀နှစ် ဝန်းကျင် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ဒေါငံခါးရွာ ကက်သလစ် ဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၃ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဒေါငံခါးရွာ ကက်သလစ် ဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခြင်းကြောင့် သီလရှင်ကျောင်းဆောင် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေက ဒေါငံခါးရွာ ကက်သလစ် ဘုရားကျောင်းကို မီးရှို့တာ ဒေါခံခါးရွာ တဝိုက်မှာလည်း စစ်ခွေးတွေပဲရှိတာ သီလရှင်ကျောင်းဆောင်တော့ မီးလောင်ပြာကျသွားတယ်လို့သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်




