ရန်ကုန်၊ မေ ၁၅
မြန်မာနိုင်ငံရှိ ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းများအတွက် ဂျပန်နိုင်ငံမှ ချေးငွေပေးအပ်မှုမှာ အကြောင်းအမျိုးမျိုးကြောင့် တုန့်ဆိုင်းသွားပြီးနောက်ပိုင်းတွင် နိုင်ငံ၏ ဘဏ္ဍာငွေများကို စိုက်ထုတ်လုပ်ကိုင်နေရကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်သည်။
မေလ ၁၄ ရက်နေ့ နေပြည်တော်ရှိ မြန်မာ့မီးရထား စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်စစ်ဆေးစဉ် ၎င်းက ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရထားလမ်းများကို အပိုင်းလိုက် အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ခဲ့ရာတွင် ယခင်က ဂျပန်နိုင်ငံမှ ချေးငွေများဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် တုန့်ဆိုင်းနေသဖြင့် နောက်ပိုင်းတွင် နိုင်ငံ ၏ဘဏ္ဍာငွေမှစိုက်ထုတ်၍ အဆင့်မြှင့်တင်ခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
အမှန်တကယ်လက်တွေ့တွင် ဂျပန်အစိုးရက မြန်မာနိုင်ငံအတွက် ချေးငွေများ ရပ်ဆိုင်းမှုမှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်သော်လည်း မင်းအောင်လှိုင်ကမူ ယင်းသို့ ချေးငွေ တုန့်ဆိုင်းခြင်း၏ အဓိက အကြောင်းအရာကို ထုတ်ဖော်ခြင်းမရှိဘဲ အကြောင်းအမျိုးမျိုးကြောင့်ဟုသာ သုံးနှုန်းခဲ့သည်။
၂၀၂၃ ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ကန့် ကွက်သည့်အနေဖြင့် မြန်မာနိုင်ငံသို့ ပေးအပ်နေသည့် တရားဝင်ဖွံ့ဖြိုးမှုအကူ အညီ (ODA) များအပြင် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ယန်းငွေချေးမှုအသစ်များကိုပါ ရပ်ဆိုင်းခဲ့ကြောင်း ကြေညာခဲ့သည်။
ဂျပန်အစိုးရက စစ်အာဏာသိမ်းမှုကြောင့် ၎င်းတို့၏ ချေးငွေများကို ဆက် လက်ပေးအပ်တော့မည်မဟုတ်ကြောင်း ၂၀၂၂ ခုနှစ်အတွင်း မြန်မာစစ်တပ်ထံသို့ တရားဝင်အသိပေးခဲ့ပြီး မြန်မာစစ်တပ်ကလည်း ဂျပန်၏ ရပ်တည်ချက်ကို နားလည်ကြောင်း တုံ့ပြန်ခဲ့သည်။
ဂျပန်နိုင်ငံ၏ အဆိုပါဆုံး ဖြတ်ချက်ကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းမှာ လေးပုံတစ်ပုံခန့်သာ ပြီးစီးသေးချိန်တွင် ငွေကြေး အခက်အခဲနှင့် ကြန့်ကြာမှုများစွာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ ပြယုဂ်တစ်ခုဖြစ်ခဲ့သော ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်သည့်အနေဖြင့် ဂျပန်အစိုးရက ချေးငွေထုတ် ပေးမှု ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံက ရန်ကုန်နှင့် မန္တလေးကို ဆက်သွယ်ထားသည့် ၆၂၀ ကီလိုမီတာရှည်သော ရထားလမ်းပိုင်းကို ၂၀၁၃ ခုနှစ်မှစတင်ကာ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယင်းစီမံကိန်းအတွက် ယန်းငွေ ၁၄၂.၂ ဘီလီယံ အမေရိကန်ဒေါ်လာအားဖြင့် ဒေါ်လာ ၁ ဘီလီယံခန့် ပေးအပ်ရန် ၂၀၂၀ ပြည့်နှစ်တွင် သဘောတူညီခဲ့ပြီး ၂၀၂၄ ခုနှစ်၌ အပြီးသတ်ရန် လျာထားခဲ့ခြင်းဖြစ်သည်။
သို့သော် ကိုဗစ်ကပ်ရောဂါ၊ စစ်အာဏာသိမ်းမှုနှင့် ငွေလဲလှယ်နှုန်း မတည်ငြိမ်မှုများကြောင့် စီမံကိန်းမှာ ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။
စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဂျပန်အစိုးရက မြန်မာနိုင်ငံအတွက် ယန်းငွေချေးမှုအသစ်များ ပေးအပ်ခြင်းကို လုံးဝရပ်ဆိုင်းလိုက်ခြင်းမှာ အကူ အညီများ ဆက်လက်ပေးအပ်နေပါက စစ် တပ်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရာ ရောက်ရှိသွားမည်ကို ဂျပန်အစိုးရက စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် စစ်အာ ဏာသိမ်းမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုများကို ဆန့်ကျင်သည့်အနေ ဖြင့် အခြားသော တရား ဝင်ဖွံ့ဖြိုးရေး အကူအညီ ODA စီမံကိန်းများကိုလည်း ရပ်ဆိုင်းခဲ့သည်။




