ရန်ကုန်၊ မေလ ၁၆
မကွေးတိုင်း၊ ဆောမြို့ပေါ်သို့ ရောက်ရှိနေသော စစ်တပ်စစ်ကြောင်းက ပြည်သူ ၂ ဦးကို ပစ်ခတ်သတ် ဖြတ်ခဲ့ပြီး လူငယ်အချို့ကို ဆက်လက် ဖမ်းဆီးထားကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့မေလ ၁၅ ရက်နေ့က ဆောမြို့ တံတားအရှေ့ဘက်တွင် အကြမ်းဖက်စစ်သားများ၏ လက် နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ည ၉ နာရီဝန်းကျင်ခန့်က လည်း ဆောမြို့အဝင် ဘောလုံးကွင်းအနီး၌ အမျိုးသားတစ်ဦးကို စစ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆောမြို့ပေါ်သို့ စတင်ရောက်ရှိသည့် ညပိုင်းများမှစ၍ စစ်သားများက နေအိမ်များအတွင်းသို့ ဝင်ရောက်ကာ ဒေသနေပြည်သူများများကို ဖမ်းဆီးစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ထိုသို့ ဖမ်းဆီးခံရသူများ အနက် အသက်ကြီးပိုင်းအချို့ကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း အမျိုးသမီးများအပါအဝင် လူငယ် အချို့ကို ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။
“ဖမ်းဆီးခံထားရတဲ့ ပြည်သူက ၂၇ ဦးပါ၊ လင်မယားအတွဲ ၅ တွဲပါတယ်။ လက်ရှိအချိန်အထိ ပြည်သူ ၂ ဦး သတ်ဖြတ်ခံထားရတာ အတည်ပြုလို့ရတယ်။ မနေ့က မီးသတ်ကုန်းဘက်မှာ အလောင်းတွေ မီး ရှို့တယ်တယ်လို့ သတင်းရတယ်။ ပြည်သူတွေကို မီးရှို့တာလား၊ တိုက်ပွဲထဲမှာ ဒဏ်ရာရလာတဲ့ စခ တွေကို မီးရှို့တာလား အတည် ပြုလို့မရသေဘူး။ လိုင်းပေါ်မှာ ပျံ့နေတဲ့ ကလေးလည်လှီးအသတ်ခံ ရတယ်ဆိုတဲ့ သတင်းကလည်း အတည်ပြုလို့မရသေးဘူး။ အလောင်းတွေမီးရှို့နေတာ အဝေးကပဲ မြင်ရတာဆိုတော့ ဘယ်သူ၊ ဘယ်ဝါခွဲခြားမသိရဘူး။” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့အပြင် ယမန်နေ့ မေ ၁၅ ရက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆောမြို့တွင်းရှိ နေအိမ် အချို့ကို ဖောက်ထွင်း ဝင်ရောက်ကာ ရွှေ၊ ငွေ၊ ဆိုင်ကယ်များနှင့် လူသုံးကုန်ပစ္စည်းအချို့ကို ယူ ဆောင်သွားကြောင်း ၊ စစ်ကောင်စီတပ်သားများက မြို့ပေါ်ရပ်ကွက်များအတွင်း ဖြန့်ကြက်နေရာယူ ထားပြီး မြို့ တွင်း ပိတ်မိနေသည့် ပြည်သူအချို့ထံမှ အစားအသောက် တောင်းယူ စားသောက်နေသူ များလည်း ရှိကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် လက်ရှိစစ်ကြောင်းလှုပ်ရှားနေသည့် နေရာများနှင့် ဝေးရာတွင် သာ နေထိုင်ကြရန်၊ မည်သည့်အကြောင်းပြချက်ဖြင့်မျှ ဆောမြို့ပေါ်နှင့် အနီးအနားဝန်းကျင်များသို့ သွားလာခြင်း မပြုကြရန်နှင့် မြို့တွင်း၌ ပိတ်မိနေသည့် ပြည်သူများအနေဖြင့်လည်း အခြေအနေ ပေး ပါက ဘေးလွတ်ရာသို့ ရှောင်တိမ်းပေးကြပါရန်တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။
ဓာတ်ပုံ- ဆောမြို့တွင် စစ်တပ်၏ ဖမ်းဆီးမှုခံထားရသော လူငယ်တစ်ဦး။




