ရန်ကုန်၊ မေ ၁၆
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟူသော အကြောင်းပြချက်ဖြင့် ကမ္ဘာကျော် အဝတ်အထည် အမှတ်တံဆိပ်ကြီးများ (Global Brands) က အထည်အမှာစာ (Order) များ ဆက်တိုက်ဖြတ်တောက် ရပ်ဆိုင်းခဲ့ကြရာ၊ တရုတ်နိုင်ငံ၏ ထိပ်တန်းအထည်ချုပ် ထုတ်လုပ်တင်ပို့မှု လုပ်ငန်းကြီးတစ်ခုဖြစ်သည့် Wuhan Kingsrich Garment Co., Ltd က ၎င်းတို့၏ လက်အောက်ခံ မြန်မာနိုင်ငံရှိ Kings Rich Fashion (Myanmar) အထည်ချုပ်စက်ရုံကို လာမည့် ဇွန်လကုန်တွင် အပြီးတိုင် ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၂)၊ ရေပြာလမ်းတွင် ဖွင့်လှစ်ထားသည့် အဆိုပါ Kings Rich Fashion အထည်ချုပ်စက်ရုံသည် ဝန်ထမ်းများကို ဥပဒေပါ လုပ်သက်အလိုက် နစ်နာကြေးပေး၍ စက်ရုံပိတ်သိမ်းမည့်အကြောင်းကို အလုပ်သမားများထံ ၁ လ ကြိုတင်အသိပေးသည့်အနေဖြင့် ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့က စက်ရုံအတွင်း နှိုးဆော်စာ (Notice) ကပ်၍ တရားဝင် အသိပေးလာခဲ့ခြင်း ဖြစ်သည်။
စက်ရုံ၏ ထုတ်ပြန်ချက်တွင် ကမ္ဘာလုံးဆိုင်ရာ ဗျူဟာစီမံကိန်းနှင့် ပြင်ပဈေးကွက်ပြောင်းလဲမှု ဖြစ်စဉ်များကို စိစစ်သုံးသပ်ပြီးနောက် ထုတ်ကုန်ထုတ်လုပ်မှုကို ရပ်နားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
သို့သော် လက်တွေ့တွင်မူ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်း လုပ်ငန်းခွင်များ၌ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ကြီးမားစွာ ဖြစ်ပေါ်နေကြောင်း ဗြိတိန်လူ့အခွင့်အရေးအဖွဲ့၏ အစီရင်ခံစာများ ထွက်ပေါ်လာခဲ့ပြီးနောက် ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်လုပ်ငန်းကြီးဖြစ်သည့် ဆွီဒင်အခြေစိုက် H&M က မြန်မာနိုင်ငံမှ ၎င်းတို့၏ ထုတ်ကုန်အပ်နှံမှုများကို ဖြည်းဖြည်းချင်း လျှော့ချရပ်နားမည်ဟု ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် စတင်ထုတ်ပြန် ကြေညာခဲ့သည်။
၎င်းပြင်ဆင်မှု ကြေညာပြီး ၃ နှစ်အကြာတွင် H&M ထံမှ အော်ဒါများ လုံးဝမရတော့သည့်အပြင် Inditex၊ Primark၊ Marks & Spencer စသည့် ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်ကြီးများကလည်း မြန်မာနိုင်ငံအတွင်း လုပ်ငန်းအပ်နှံမှုများ ဆက်တိုက်ရပ်ဆိုင်းကြောင်း ကြေညာခဲ့ကြသည်။
ထိုသို့ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံတကာအမှတ်တံဆိပ်ကြီးများ၏ အထည်အမှာများ ရပ်ဆိုင်းသွားခြင်းကြောင့် လုပ်ငန်းလည်ပတ်ရန် အော်ဒါမရှိတော့ဘဲ ရေရှည်ရပ်တည်ရန် မဖြစ်နိုင်တော့သဖြင့် ယခုကဲ့သို့ စက်ရုံကို အပြီးပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
တရုတ်ထိပ်တန်းအခြေစိုက် ဝူဟန်ကုမ္ပဏီ၏ လက်အောက်ခံ KINGSRICH (MYANMAR) FASHION LIMITED အထည်ချုပ်စက်ရုံသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် စတင်ဝင်ရောက် ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ ၎င်းစက်ရုံသည် နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များ၏ Outdoor Sportswear (ပြင်ပထွက်ဝတ် အားကစားဝတ်စုံ) များနှင့် Lightweight Series အထည်များကို ထောင်နှင့်ချီသော အလုပ်သမားအင်အားဖြင့် ဆယ်စုနှစ်တစ်ခုကြာအောင် အောင်မြင်စွာ လည်ပတ်ခဲ့သည့် စက်ရုံကြီးတစ်ခု ဖြစ်သည်။
လက်ရှိတွင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများအပြင် ကမ္ဘာကျော် Brand ကြီးများ စွန့်ခွာသွားမှုကြောင့် မြန်မာနိုင်ငံ၏ စက်မှုဇုန်များအတွင်းရှိ အခြေခိုင်ပြီးသား တရုတ်ထိပ်တန်း အထည်ချုပ်စက်ရုံကြီးများပါ ရေရှည်ရပ်တည်နိုင်ခြင်း မရှိတော့ဘဲ စက်ရုံများကို အပြီးပိတ်သိမ်းကာ ထွက်ခွာနေကြရသည့်အတွက် ပြည်တွင်းရှိ အထည်ချုပ်အလုပ်သမား ထောင်ပေါင်းများစွာ အလုပ် အကိုင် အခွင့်အလမ်းများ ဆုံးရှုံးနစ်နာလျက်ရှိကြောင်း သိရသည်။
” KINGSRICH (MYANMAR) မှာရှိတဲ့ အလုပ်သမားတွေ နစ်နာကြေးကို လုပ်သက်အလိုက် ရရှိရေးအတွက် ကျနော်တို့ အလုပ်သားအဖွဲ့တွေက သေချာ စောင့်ကြည့် လုပ်ကိုင်ပေးနေပါတယ်” ဟု ရွှေပြည်သာစက်မှုဇုန်အခြေစိုက် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ပြည်ပရင်းနှီးမြှုပ်နှံမှုအများ အပြား အလုံးအရင်းဖြင့် ပြန်လည် ထွက်ခွာလျက်ရှိသည်။






